Sunday, 22 May 2011

Saturday, 21 May 2011

- ၁၉၆၇ နယ်မြေသဘောတူညီချက်အတိုင်းလိုက်နာရန် အစ္စရေးငြင်းဆန် click
- တနင်္ဂနွေနေ့တွင် ဒေသရွေးကောက်ပွဲကျင်းပရာ မက်ဒရစ်မြို့လယ်ရင်ပြင်တွင် ဆန္ဒပြသူ ၂၀၀၀၀ ခန့်စုရုံးဆန္ဒပြခဲ့ကြ click
- အိုက်စလန် မီးတောင်ပေါက်ကွဲမှု click
- ယီမင်သမ္မတဆာလဲနှင့် အတိုက်အခံတို့ အပေးအယူ ဖြစ်ဖွယ်ရှိ click


Friday, 20 May 2011

21-5-2011 ကမ္ဘာသတင်း
- အမေရိကန်သံအဖွဲ့ ကားတန်းကို ပါကစ္စတန် တာလီဘန် ဗုံးခွဲ click
- အမေရိကန်အဆိုကို အစ္စရေး လက်မခံ click
- ဆီးရီးယား လုံခြုံရေးလက်ချက် ဆန္ဒပြသူ (၃၀) မက သေဆုံး click
- IMF အကြီးအကဲဟောင်းကို အာမခံနဲ့ လွှတ်ပေး click

Tuesday, 17 May 2011

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်းဒေသသည် သမိုင်းကြောင်းအရ အလွန်ရှည်လျားရှုပ်ထွေးသော ဒေသတစ်ခု ဖြစ်ခဲ့ပေသည်။ ပထမဦးစွာ ဘီစီ ၃၅၀၀ ခန့်တွင်မက်ဆိုပိုတေးနီးယန်းဒေသအဖြစ်စတင်ဖြစ်တည်ခဲ့ပြီး ဘီစီ ၄ ရာစုခန့်တွင် ဖာရိုဘုရင်များအုပ်စိုးသော အခါကာလဖြစ်ခဲ့သည်။ ဘီစီ ၁ ရာစုတွင်အရှေ့ဘက်မြေထဲ ပင်လယ်ဒေသတွင် ရိုမန်အင်ပါယာဖြစ်တည်ခဲ့ပြီးဂရိယဉ်ကျေးမှုများစိမ့်ဝင်ပျံှ့နှံ့ခဲ့သည်။ ၇ ရာစုခန့်တွင်ရိုမန် နှင့် ပါရှန်းစစ်ပွဲများကြောင့်ဘိုင်ဇန်တိုင်းရိုမန်နှင့် ဆာဆနစ်ပါရှန်းတို့အားနည်းလာခဲ့ပြီး အစ္စလာမ်အား ကောင်း လာခဲ့သည်။ ၁၅ ရာစုတွင် အော်တိုမန်အင်ပါယာပေါ်ပေါက်လာခဲ့သည်။ ထို့နောက် ဂရိ၊ ဘော်လကန်နှင့် ဟန်ဂေရီအထိနယ်ပယ်ချဲ့ထွင်နိုင်ခဲ့ပြီး အော်တိုမန်အင်ပါယာ အားကောင်းခဲ့သည်။
သို့သော် ၁၇ ရာစုခန့်တွင် ဥရောပသားတို့ အရင်းရှင်စံနစ်နှင့် စက်မှုတော်လှန်ရေးအောင်မြင်လာခဲ့ သောကြောင့် စီးပွားရေး၊ လူဦးရေ၊ ယဉ်ကျေးမှုနှင့် အထူးသဖြင့် နည်းပညာပိုင်းတွင် ဥရောပသားတို့ အရှေ့အလယ်ပိုင်းအာရပ်တို့ထက်များစွာသာလွန်ခဲ့သည်။ ခရစ် ၁၇၀၀ အတွင်း ဟန်ဂေရီဒေသတွင်းမှ အော်တိုမန်တို့ တဖြည်းဖြည်းချင်းဆုတ်ခွာလာခဲ့ရပြီး အင်အားချိန်ခွင်လျှာ ညီမျှလာခဲ့သည်။ အယ်ဘေးနီးယားနှင့် ဘော့စနီးယားမှလွဲ၍ အော်တိုမန်အင်ပါယာအတွင်းသက်ဆင်းခဲ့သော အခြားဥရောပ ဒေသများတွင် မွတ်ဆလင်ယဉ်ကျေးမှုများကူးစက်ပျံ့နှံ့ခြင်းမရှိခဲ့ပေ။ ၁၇၀၀ မှ ၁၉၁၈ အတွင်း အော်တိုမန် အင်ပါယာ တဖြည်းဖြည်းချင်းအင်အားဆုတ်ယုတ်လာပြီး ဥရောပက တဖြည်းဖြည်းချင်းကျော်တက်သွားခဲ့ သည်။ ၁၉ ရာစုအရောက်တွင် အရှေ့အလယ်ပိုင်းဒေသကို ဥရောပက ရောဂါသည်အဖြစ်သတ်မှတ်ခဲ့ပြီး ငွေရေးကြေးရေးအရလွှမ်းမိုးနိုင်ခဲ့သည်။ ထိုကာလအတွင်း၌ပင် ပြင်သစ်က အယ်ဂျီးရီးယားနှင့် တူနီးရှားကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းလက်ဘနွန်နှင့်ဆီးရီးယားကိုပါလွှမ်းမိုးနိုင်ခဲ့သည်။ အင်္ဂလန်က အီဂျစ်ကိုကျူးကျော်သိမ်းပိုက်ခဲ့ပြီးပါရှန်းပင်လယ်ကွေ့တွင် သြဇာညောင်းခဲ့သည်။ အီတလီက လစ်ဗျားနှင့် ဒိုဒီးဆင့်ကျွန်းများကို ကျူးကျော်ခဲ့သည်။ အနောက်သားတို့၏ရန်မှကာကွယ်ရန် ဂျာမဏီကို ဆရာတင်ခဲ့ သော်လည်း အကြွေးနွံအိုင်အတွင်းသို့သာပိုမိုသက်ဆင်းလာခဲ့သည်။ ၁၉ ရာစုနှောင်းနှင့် ၂၀ ရာစုအစော ပိုင်းများတွင် ဥရောပနှင့်ယှဉ်ပြိုင်ရန် ခေတ်မီနိုင်ငံတော်အဖြစ်တည်ဆောက်ရန်အားထုတ်ခဲ့သည်။ အီဂျစ်မှ မယ်ဟမ္မက်အလီနှင့် အဗ္ဗဒူလ်ဟာမစ် (ဒုတိယမြောက်) တို့က ၁၉၀၆ တွင်တော်လှန်ရေးဆင်နွှဲပြီး အနောက်ပုံစံ အုပ်ချုပ်ရေး၊ ပြည်သူ့ဥပဒေ၊ လောကဓါတ်ပညာရေး၊ စက်မှုထွန်းကားရေးတို့ကို ဆောင်ရွက် ခဲ့သည်။ ရထားလမ်းများ၊ ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းများ၊ ကျောင်းများ၊ တက္ကသိုလ်များဖွင့်လှစ်ပြီး၊ စစ်အရာရှိလူ တန်းစားများ၊ ရှေ့နေများ၊ ဆရာများနှင့် စီမံခန့်ခွဲရေးဆိုင်ရာလူတန်းစားများပေါ်ပေါက်လာသ ဖြင့် ယခင်ကအုပ်ချုပ်ရေးနယ်ပယ်နှင့်ပညာရေး၊ လူမှုရေးနယ်ပယ်များတွင်ပါ သြဇာညောင်းသော အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များနှင့် အတိုက်အခံဖြစ်လာခဲ့သည်။
သို့သော် ပြုပြင်ပြောင်းလဲရေးအတွက်အသုံးပြုရသောငွေကြေးများမှာ အနောက်နိုင်ငံများမှသာ ချေးငှားဆောင်ရွက်ရသည်ဖြစ်၍ နိုင်ငံမွဲပြီး အနောက်သားတို့သြဇာသာ ပိုကဲလာကာပြုပြင်ပြောင်းလဲရေး သမားများအပေါ်အယုံအကြည်နည်းခဲ့ကြသည်။ ဥပမာအားဖြင့် ပြုပြင်ပြောင်းလဲရေးအတွက် အမြှော်အမြင် အလွန်ကြီးခဲ့သော အီဂျစ်မိုဟာမက်အလီ၏ စီမံကိန်းကြီးများကြောင့် သူ့နောက်ဆက်ခံသူက နိုင်ငံတော် ကို ဒေဝါလီခံစေခဲ့ရသည်။ အစ္စလာမ်ကမ္ဘာတွင် အနောက်ပုံစံကျင့်သုံးမှုများကြောင့် ကြေးစား စစ်တပ်များနှင့် ကိုယ်ကျိုးရှာစစ်အရာရှိများထိုစဉ်ကတည်းကပေါက်ပွားလာခဲ့သည်။ ထိုသူတို့သည် မိမိတို့အာဏာ စွန့်ရန်မှတစ်ပါး အခြားအပြောင်းအလဲများအားလုံးကို ဆောင်ရွက်ရန်အသင့်ရှိနေသူများဖြစ်သည်။ ဤသည်ကပင်ပြဿနာတစ်ရပ်အဖြစ်ဖြစ်တည်လာခဲ့သည်မှာ ထိုစဉ်ကတည်းကဖြစ်သည်။
ပထမကမ္ဘာစစ်ပြီးနောက်ပိုင်း အော်တိုမန်ကို တော်လှန်ခဲ့သောအာရပ်တို့၁၉၁၈ တွင် အင်္ဂလိပ်လက်အောက် သို့ကျရောက်ခဲ့သည်။ အင်္ဂလိပ်နှင့် ပြင်သစ်တို့က လျှို့ဝှက်စာချုပ်ဆိုပြီး အရှေ့အလယ်ပိုင်းဒေသကို နှစ်ကိုယ်ကြားခွဲဝေယူခဲ့ကြသည့်အပြင် ပါလက်စတိုင်းဒေသတွင် ဂျူးအခြေချု နယ်မြေပေးရန် ဘဲလ်ဖိုးကြေငြာချက် (Belfour Declaration) ဖြင့် ကတိပြုခဲ့သည်။ နောက်ပိုင်းတွင် အင်္ဂလိပ်နှင့်ပြင်သစ်တို့ကသာ အရှေ့အလယ်ပိုင်းကို စီမံခန့်ခွဲခဲ့ကြပြီး ၎င်းတို့အလိုကျပြုပြင်ခဲ့သည်။
၁၉၀၈ ခုနှစ် ပါရှန်းတွင်ရေနံတွေ့ရှိပြီးနောက်ပိုင်း ဆော်ဒီအာရေဗျ၊ လစ်ဗျားနှင့်အယ်ဂျီးရီးယားတို့ တွင်လည်းရေနံများတွေ့ရှိလာသောအခါ အရှေ့အလယ်ပိုင်းသမိုင်းတစ်ဆစ်ချိုးပြောင်းလဲလာခဲ့သည်။ ထို့ကြောင့် ၂၀ ရာစုစက်မှုခေတ်တွင် အရှေ့အလယ်ပိုင်းဒေသသည်အရေးပါလာခဲ့သည်။
၂၀ ရာစုဝက်နှင့် နှောင်းပိုင်းများတွင်အရှေ့အလယ်ပိုင်းဒေသများမှ အနောက်နှင့် ဥရောပသားတို့
ထွက်ခွါသွားပြီး အစ္စရေးနိုင်ငံကိုတည်ထောင်ထားရစ်ခဲ့ခြင်းတို့ဖြင့် အရှေ့အလယ်ပိုင်းခေတ်သစ်သမိုင်း စတင်လာခဲ့သည်။ ထိုအခါ အမေရိကန်ပြည်ထောင်စု၏ပါဝင်ပတ်သက်မှု အရှေ့အလယ်ပိုင်းတွင်မိုပိုလာ ခဲ့သည်။ ၁၉၅၄တွင် အီဂျစ်၊ ၁၉၆၃တွင် ဆီးရီးယား၊ ၁၉၆၈တွင် အီရတ်၊ ၁၉၆၉တွင် လစ်ဗျားတို့၌ အနောက် ဆန့်ကျင်ရေးအစိုးရများအာဏာရလာသောအခါ ဆိုဗီယက်က အရှေ့အလယ်ပိုင်းဒေသတွင် စစ်အေးစာ မျက်နှာသစ်ဖွင့်လှစ်ရန် ပြင်ဆင်လာခဲ့သည်။ အီဂျစ်မှ ဂမေးလ် အက်ဘဒယ် နက်ဆာနှင့် အီရတ်မှ ဆက်ဒမ် ဟူစိန်တို့ ဆိုဗီယက်နှင့် မဟာမိတ်များဖြစ်လာခဲ့သည်။ အစ္စရေးလ်ကိုချေမှုန်းရန်၊ အမေရိကန်ကို ဆန့်ကျင်ရန်၊ အနောက်အရင်းရှင်စံနစ်ကို ဆန့်ကျင်ရန်ကြွေးကြော်သံများဖြင့် တက်လာသောယင်းတို့ကို လူကြိုက်များခဲ့သော်လည်း လက်တွေ့ဆောင်ရွက်ရန်ပျက်ကွက်ခဲ့ပြီး အာဏာရှင်ဖြစ်လာခဲ့ကြသည်။
အရှေ့အလယ်ပိုင်းဒေသရှိမိမိတို့အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အမေရိကန်အနေနှင့် အရှေ့ အလယ်ပိုင်းရှိလက်ကျန်မဟာမိတ်များဖြစ်သော ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အီရန်နှင့် ပါရှန်းပင်လယ် ကွေ့စော်ဘွားများကို အကာအကွယ်ပေးရတော့သည်။ ရှီးအိုက်ဘာသာရေးခေါင်းဆောင်များဦးဆောင်ပြီး ဘုရင်ကိုတော်လှန်ဖြုတ်ချ၍ ဘာသာရေးအစိုးရတစ်ရပ်တည်ထောင်ခဲ့သော ၁၉၇၉ အထိ အီရန်နိုင်ငံသည် အမေရိကန်၏ အဓိက မဟာမိတ်ဖြစ်ခဲ့သည်။ ထိုအချက်ကြောင့် အမေရိကန်သည် ဆော်ဒီနှင့်ပိုမိုနီးစပ်လာခဲ့ သည်။ ၁၉၄၈ ခုနှစ် စစ်ပွဲအပါအဝင် အာရပ်နှင့် အစ္စရေးတို့စစ်ပွဲကြီးငယ်ပေါင်းမြောက်များစွာဆင်နွှဲခဲ့ကြ သည်။
အီဂျစ်တွင် နက်ဆာကို ဆက်ခံသော အဏ္ဏဝါဆာဒက်အာဏာရလာသောအခါ အစ္စရေးနှင့်ငြိမ်းချမ်း ရေးစာချုပ်ချုပ်ဆိုခဲ့သည်။ ၁၉၇၀ခုနှစ်များတွင် ပါလက်စတိုင်း ယာဆာအာရာဖတ်ဦးဆောင်၍ အမေရိကန်၊ ဂျူးနှင့် အနောက်ကို ပစ်မှတ်ထား၍အကြမ်းဖက်တိုက်ခိုက်မှုများကာလကြာရှည်ဆောင်ရွက်ခဲ့သည်။ ပါလက်စတိုင်းတို့ကို ဆီးရီးယား၊ လစ်ဗျား၊ အီရန်နှင့် အီရတ်တို့က ထောက်ပံ့ခဲ့သည်။
၁၉၉၀ အစောပိုင်းနှစ်များတွင် ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးနောက် ကွန်မြူနစ်ဝါဒကျဆုံးသွားခြင်း သည် အရှေ့အလယ်ပိုင်းဒေသအပေါ်ရိုက်ခတ်ခဲ့သည်။ ရုရှနှင့် ယူကရိန်းမှ အစ္စရေးလူမျိုးများအများအပြား အစ္စရေးနိုင်ငံအတွင်းသို့ဝင်ရောက်လာခဲ့သဖြင့် ပိုမိုအင်အားတောင့်တင်းလာခဲ့သည်။ အနောက်နိုင်ငံများ အနေဖြင့်လည်း ရေနံအတွက် အာရပ်နိုင်ငံများအပေါ်အားကိုးနေရခြင်းမရှိတော့ဘဲ ရုရှမှရေနံကို ဈေးပေါ ပေါဖြင့်ဝယ်ယူသုံးစွဲခဲ့သည်။ အီဂျစ်၊ အယ်ဂျီးရီးယား၊ ဆီးရီးယားနှင့် အီရတ် စသည့်ဆိုရှယ်လစ်အာဏာရှင် အစိုးရများကို စီးပွားရေး၊ နိုင်ငံရေးအရ တုံ့ဆိုင်းသွားစေခဲ့သည်။ ဆတ်ဒမ်ဟူစိန်ကဲ့သို့အာဏာရှင်များကို လည်း ဆိုရှယ်လစ်ဝါဒ အစား အာရပ်အမျိုးသားဝါဒ ဘက်သို့တိမ်းညွှတ်သွားစေခဲ့သည်။ ထို့ကြောင့် အာရပ် အမျိုးသားဝါဒီကို အခြေခံ၍ ၁၉၈၀ ခုနှစ်များ အီရန်-အီရတ်စစ်ပွဲနှင့် ၁၉၉၀ ကူဝိတ်ကျူးကျော်စစ်ကျော်စစ် များပေါ် ပေါက်လာခဲ့ရသည်။ အမေရိကန်ဦးဆောင်ပြီး ကုလသမဂ္ဂသဘောတူညီချက်ဖြင့် ဆော်ဒီအာရေးဗျ၊ အီဂျစ်၊ ဆီးရီးယား တို့ပူးပေါင်းကာ အီရတ်တို့ကို ကူဝိတ်မြေပေါ်မှပြန်လည်မောင်းနှင်တိုက်ထုတ်သောပါရှန်း ပင်လယ်ကွေ့စစ်ပွဲဆင်နွှဲခဲ့သည်။ အကျိုးဆက်အနေနှင့် ဆော်ဒီအာရေးဗျတွင်အမေရိကန်တို့ အမြဲတမ်း စစ်အခြေစိုက်စခန်းတည်ထောင်ခဲ့ပြီး မွတ်ဆလင်များစွာတို့က ဆန့်ကျင်ခဲ့ကြသည်။
၂၀၀၆ ခုနှစ် ဇူလိုင်လတွင် အစ္စရေးနှင့် ဟဇ္ဇဘိုလာလက်နက်ကိုင်များတစ်လကျော်ကြာစစ်ပွဲဖြစ်ပွား ခဲ့ပြီး ဇူလိုင်စစ်ပွဲ ဟုခေါ်တွင်သည်။ ဟဇ္ဇဘိုလာတို့ကို အီရန်နှင့်ဆီးရီးယားက လက်နက်၊ ငွေကြေးနှင့် စစ်သင်တန်းပို့ချပေးခြင်းများအကူအညီပေးခဲ့သဖြင့် အမှန်တကယ်တွင် အစ္စရေးကတစ်ဖက် ၊ အီရန်နှင့် ဆီးရီးယားကတစ်ဖက်ဖြစ်ပွားသောစစ်ပွဲကို ကြားခံကိုယ်စားလှယ်ထား၍ တိုက်ခိုက်ကြခြင်းသာဖြစ်ပေ သည်။
၁၉၉၀ နှစ်များတွင်အနောက်တိုင်းဝေဖန်ရေးသမားများနှင့်အချို့သောအရှေ့အလယ်ပိုင်းဝေဖန်ရေး သမားအချို့တို့က အရှေ့အလယ်ပိုင်းဒေသကို ပြဿနာဇုံအဖြစ်သာမက နောက်ပြန်ဆွဲနေသောဒေသ အဖြစ်လည်းရှုမြင်ခဲ့ကြသည်။ အရှေ့ဥရောပ၊ လက်တင်အမေရိကနှင့် အာဖရိကအချို့ဒေသများတွင် ဒီမိုကရေစီထွန်းကားပြီး ဈေးကွက်စီးပွားရေးစံနစ်အောင်မြင်လာမှုကြောင့် အရှေ့အလယ်ပိုင်းဒေသကို လျင်မြန်စွာကျော်တက်သွားခဲ့သည်။
အရှေ့အလယ်ပိုင်းနိုင်ငံအများစုတွင် ဈေးကွက်စီးပွားရေးသည် နိုင်ငံရေးအရထိန်းချုပ်မှုများ၊ အကျင့်ပျက်ခြစားမှုများ၊ အာဏာပိုင်အသိုင်းအဝိုင်းနှင့်နီးစပ်သူများသာလုပ်ပိုင်ခွင့်များ ရှိခဲ့ပြီး လက်နက်နှင့် ဂုဏ်သိက္ခာပြိုင်ဆိုင်မှုများတွင် အလွန်အကျွံသုံးစွဲခဲ့ပြီး ရေနံအပေါ်တွင်အလွန်အကျွံမှီခိုအားထားခဲ့သည်။ လူဦးရေနည်းပြီး ရေနံအဆမတန်ကြွယ်ဝသောဒေသများဖြစ်သည့် ကာတာ၊ ဘာရိန်းနှင့် ယူအေအီးတို့ကဲ့ သို့သောနိုင်ငံများသာ စီးပွားရေးအောင်မြင်ခဲ့သည်။

အီဂျစ်

အော်တိုမန်အင်ပါယာအတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးဖြင့်နေထိုင်လာရာမှ ၁၉၁၄ တွင်ဗြိတိသျှ ထီးရိပ်ခိုဖြစ်လာခဲ့ပြီး ၁၉၂၂ တွင်လွတ်လပ်ရေးရခဲ့သည်။ ၁၉၅၂ နောက်ပိုင်းတွင် ဂမေးလ်နက်ဆာက တစ်ပါတီစံနစ်ဖြင့် အီဂျစ်သမ္မတနိုင်ငံတည်ထောင်ခဲ့သည်။ ထို့နောက်ပိုင်းနှစ်ပေါင်း ၆၀ အထိအာဏာရှင် စံနစ်ဖြင့် သမ္မတသုံးဆက်အုပ်ချုပ်ခဲ့သည်။ ၁၉၅၄ မှ ၁၉၇၀ အထိ နက်ဆာ၊ ၁၉၇၁ မှ ၁၉၈၁ အထိအဏ္ဏဝါ ဆာဒက်(လုပ်ကြံခံရ၍သေဆုံး)နှင့် ၁၉၈၁ မှ ၂၀၁၁ အထိ ဟိုစနီမူဘာရက်တို့အသီးသီးအုပ်ချုပ်ခဲ့ကြသည်။
၂၀၁၁ တွင်လူထုလှုပ်ရှားမှုဖြင့် ဟိုစနီမူဘာရက်ကို ဖြုတ်ချပစ်ခဲ့ပြီး ဖေဖေါ်ဝါရီလမှစ၍ ယခုအထိစစ်တပ် မှထိန်းသိမ်းထားသည်။
၁၈၈၂ တွင် ဥရောပမှလွှမ်းမိုးမှုကို ဆန့်ကျင်ရာမှ ဒေသခံထင်ရှားသူများကြား တင်းမာမှုများကြီး ထွားလာခဲ့သည်။ အကြီးမားဆုံးသော စိန်ခေါ်သူ အတိုက်အခံများမှာ စစ်တပ်မှပေါ်ပေါက်လာခဲ့သည်။ ၁၈၈၁ စက်တင်ဘာတွင်ပေါ်ပေါက်ခဲ့သော စစ်တပ်မှဆန္ဒပြမှုကြောင့် ခါဒိုက် တော်ဖစ်၏ဝန်ကြီးချုပ်ကို ထုတ်ပယ်ပစ်ခဲ့ရသည်။ (“ခါဒိုက်” ဆိုသည်မှာ အာရေဗျ စကားဖြစ်၍ နယ်စားပယ်စားဟု အဓိပ္ပါယ်ရသည်။) ၁၈၈၂ ဧပြီလတွင် တာဖစ်ကို အကာအကွယ်ပေးရန် ပြင်သစ်နှင့်ဗြိတိန်တို့မှ စစ်သင်္ဘောများ အလက်ဇန် ဒရီးယား မြို့သို့စေလွှတ်ခဲ့သည်။ သို့သော် အာမက်အူရာဘီ ဦးဆောင်သော စစ်ဘက်အရာရှိများက အစိုးရကို ထိန်းချုပ်ထားသဖြင့် အလက်ဇန်ဒရီးယားသို့တော်ဖစ်ထွက်ပြေးခဲ့ရသည်။ ဇွန်လတွင် ဥရောပမှ လွှမ်းမိုးလာမှုကို မခံချင်သောအမျိုးသားရေးဝါဒီအတိုက်အခံများလက်တွင်းသို့ အီဂျစ်သက်ဆင်းခဲ့သည်။ ၁၈၈၂ တွင် ဗြိတိသျှတို့ အလက်ဇန်ဒရီးယားကို ဗုံးကြဲတိုက်ခိုက်ပြီး သြဂုတ်လတွင် ဗြိတိသျှပြည်ပတိုက် ခိုက်ရေးတပ်များ ဆူးအက်တူးမြောင်း တစ်ဘက်တစ်ချက်တွင်ခြေကုပ်ယူနိုင်ခဲ့သည်။ စက်တင်ဘာတွင် တယ်အယ်ခယ်ဘီးယား၌ ဗြိတိသျှတို့က အီဂျစ်စစ်တပ်ကို အောင်မြင်ခဲ့ပြီး တော်ဖစ်ကို ပြန်လည်နေရာချ ထားခဲ့သည်။ ကျူးကျော်ရခြင်း၏ ရည်ရွယ်ချက်မှာ ခါဒစ်၏အုပ်ချုပ်မှုအောက်တွင် နိုင်ငံရေးတည်ငြိမ်စေရန် နှင့် ၁၈၇၉ ခုနှစ်ကတည်းက နိုင်ငံတကာငွေကြေးထိန်းချုပ်မှုအောက်တွင် အီဂျစ်ဘဏ္ဍာရေးတည်ငြိမ်မှုရှိစေ ရန်ဖြစ်သည်။
၁၉၁၄ တွင် အော်တိုမန်အင်ပါယာနှင့် စစ်ကြေငြာသော ရလဒ်အဖြစ်ဗြိတိန်က အီဂျစ်ကိုအကာ အကွယ်ပေးရန်ထီးရိပ်ခို နိုင်ငံအဖြစ်ကြေငြာခဲ့သည်။ ထို့နောက် ခါဒစ်ကို ဖယ်ရှားပြီးခါဒစ်နှင့်ဆွေမျိုးတော် စပ်သူတစ်ဦးကို ဆူလ်တန်အဖြစ်ခန့်ထားခဲ့သည်။ ၁၉၁၉ တွင် ဝါ့ဖ်ဒ် ခေါ်အဖွဲ့တစ်ဖွဲ့ပြင်သစ်နိုင်ငံတွင်ပြု လုပ်သော ပါရီငြိမ်းချမ်းရေးညီလာခံသို့တက်ရောက်ပြီး အီဂျစ်လွတ်လပ်ရေးအတွက် အရေးဆိုခဲ့သည်။
ယင်းအဖွဲ့၌နောင်တွင် ဝန်ကြီးချုပ်ဖြစ်လာမည့် ဆားအက် ဇက်ဂ်လူး ပါဝင်သည်။ ၎င်းတို့ကို ဖမ်းဆီး၍ မော်လတာသို့ပို့ဆောင်လိုက်သောအခါ အီဂျစ်၌ လူထုအုံကြွမှုကြီးဖြစ်ပွားခဲ့သည်။ အီဂျစ်ပထမဆုံး တော်လှန်ရေးအဖြစ် သိခဲ့ကြသည်။ ဗြိတိသျှတို့အပြင်းအထန်နှိမ်နင်းသောကြောင့် လူ ၈၀၀ ခန့်သေဆုံးခဲ့ သည်။ ၁၉၁၉ နိုဝင်ဘာတွင် မီလ်နာကော်မစ်ရှင်ကို အီဂျစ်သို့စေလွှတ်ခဲ့သည်။ ၁၉၂၀ တွင် လော့ဒ်မီလ်နာ က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ လော့ဒ် ခါဇွန်ထံသို့ ထီးရိပ်ခိုနိုင်ငံအဖြစ်မှ မဟာမိတ်နိုင်ငံအဖြစ်ထား ရှိရန်အစီရင်ခံစာတင်ခဲ့သည်။ လော့ဒ်ခါဇွန်က လက်ခံခဲ့ပြီး ဇက်ဂ်လူးနှင့် အက်ဒလီပါရှာဦးဆောင်သော အဖွဲ့ကို လက်ခံတွေ့ဆုံဆွေးနွေးရန်သဘောတူညီခဲ့သည်။ ၁၉၂၀ ဇွန်လတွင် မစ်ရှင်အဖွဲ့လန်ဒန်သို့ရောက်ရှိ ပြီး သြဂုတ်လတွင် အပြီးသတ်သဘောတူညီချက်ရရှိခဲ့သည်။ ၁၉၂၁ ဖေဖေါ်ဝါရီလတွင် ဗြိတိန်ပါလီမန်က သဘောတူညီခဲ့ပြီး စာချုပ်ကို အပြီးသတ်ချုပ်ဆိုနိုင်ရန် လုပ်ပိုင်ခွင့်အပြည့်အဝရှိသော အဖွဲ့နောက်တစ်ဖွဲ့ လန်ဒန်သို့စေလွှတ်ရန် အီဂျစ်ကို တောင်းဆိုခဲ့သည်။ ၁၉၂၁ ဇွန်လတွင် အက်ဒလီ ပါရှာဦးဆောင်သော အဖွဲ့လန်ဒန်သို့သွားရောက်ခဲ့သည်။ သို့သော် တော်ဝင်ညီလာခံရှိ ဒိုမီနီယံကိုယ်စားလှယ်များက ဆူးအက် တူးမြောင်းဒေသကို ထိန်းချုပ်ရေးကိုပြောဆိုခဲ့ခြင်းကြောင့် အက်ဒလီဦးဆောင်သော မစ်ရှင်အဖွဲ့အီဂျစ်သို့ လှည့်ပြန်လာခဲ့ကြသည်။
၁၉၂၁ ဒီဇင်ဘာတွင် ကိုင်ရိုရှိ ဗြိတိသျှအာဏာပိုင်များက စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီး ဇက်ဂလူးကို တိုင်းပြည်မှနှင်ထုတ်ခဲ့သည်။ ထိုအခါဆန္ဒပြမှုများဖြစ်ပွားပြီး အဓိကရုဏ်းများပေါ်ပေါက်လာသည်။ အမျိုးသားရေးဝါဒီများ အားကောင်းလာမှုကို သတိပြုမိ၍၎င်း၊ မဟာဝန်ရှင်တော်မင်းကြီး၏အကြံပေးချက် အရ၎င်း ဗြိတိသျှက အီဂျစ်လွတ်လပ်ရေးကြေငြာခဲ့သည်။ ဗြိတိသျှတို့ကမူ ဆူးအက်တူးမြောင်းကို ချုပ်ကိုင် ထားခဲ့သည်။ ၁၉၂၅ တွင်ကွန်မြူနစ်ပါတီ နှင့် ၁၉၂၈ တွင်မွတ်ဆလင်ညီအစ်ကိုများပါတီ စသည်ဖြင့် နိုင်ငံ ရေးအင်အားစုများပေါ်ပေါက်လာခဲ့သည်။ ၁၉၃၆ တွင် ဖူးအက်ဘုရင်ကွယ်လွန်ပြီးနောက်ဆက်ခံသော ဖာရွတ်ဘုရင်က ဗြိတိသျှတို့နှင့် အင်္ဂလိပ်-အီဂျစ် စာချုပ်ချုပ်ဆိုပြီး အင်္ဂလိပ်တို့အီဂျစ်မှထွက်ခွါပေးရန် သဘောတူညီခဲ့သည်။ သို့သော် ဆူးအက်တူးမြောင်းကိုမူ ၁၉၄၉ အထိထိန်းချုပ်ထားရန်သဘောတူညီ သည်။ ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်တို့စစ်ရေးအရ အီဂျစ်ကိုအသုံးပြုခဲ့သည်။ ၁၉၄၇ တွင်ဆူးအက် တူးမြောင်းသို့ဆုတ်ခွါသွား ကြသည်။ သို့သော် အမျိုးသားရေးဝါဒီများနှင့် အင်္ဂလိပ်မုန်းတီးရေးစိတ်များ ဆက်လက်ကြီးထွားလာနေ ခဲ့လေသည်။
၁၉၅၂ တွင် ဗိုလ်ချုပ် မူဟာမက်နာဂူအစ်ဦးဆောင်သော စစ်တပ်မှ ဖာရွတ်ဘုရင်ကို ဖြုတ်ချပြီး ဘုရင်စံနစ်နိဂုံးချုပ်စေခဲ့သည်။ ၁၉၅၃ ဇွန်လ ၁၈ ရက်နေ့တွင် အီဂျစ်နိုင်ငံကို သမ္မတနိုင်ငံအဖြစ်ကြေငြာခဲ့ သည်။ နက်ဆာသည် အီဂျစ်ခေါင်းဆောင်အဖြစ်သာမက အာရပ်ကမ္ဘာကပါ အလေးထားသောခေါင်းဆောင် တစ်ဦးအဖြစ်ပေါ်ထွက်လာခဲ့သည်။
နက်ဆာသည် အာဏာရှင်တစ်ဦးအနေနှင့်အုပ်ချုပ်ခဲ့သော်လည်းအီဂျစ်နှင့်အာရပ်ကမ္ဘာကပါ လေးစားကြည်ညိုပြီးလူကြိုက်များသောသူတစ်ဦးဖြစ်သည်။ ၁၉၆၇ တွင်ဖြစ်ပွားသော ခြောက်ရက်စစ်ပွဲ၌ အစ္စရေးကို ရှုံးနိမ့်ပြီး အီဂျစ်မှ ဆိုင်းနိုင်းကျွန်းဆွယ်၊ ဂါဇာကမ်းမြှောင်ဒေသ၊ ဆီးရီးယားမှ ဂိုလန်ကုန်းမြင့်၊ ဂျော်ဒန်မှ အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့ကို လက်လွတ်ဆုံးရှုံးရသောအခါ နက်ဆာအတွက် ဂုဏ်သိက္ခာကျဆင်းဖွယ်အတိဖြစ်ခဲ့ရသည်။ ရာထူးမှ နှုတ်ထွက်ရန်တောင်းဆိုရာတွင် လူထုဆန္ဒပြမှုဖြင့် မနှုတ်ထွက်ရန် တောင်းဆိုခြင်းခံခဲ့ရသဖြင့် ဆက်လက်ရာထူးမြဲခဲ့သည်။
နက်ဆာကွယ်လွန်သောအခါ ၁၉၅၂ တော်လှန်ရေးတွင်ပါဝင်ခဲ့သော စစ်တပ်အရာရှိတစ်ဦးဖြစ်သူ ဒုတိယသမ္မတ အဏ္ဏဝါအယ်ဆာဒတ်ကို သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ၁၉၇၃ အောက်တိုဘာ ၆ ရက်နေ့တွင် အစ္စရေးနှင့် စစ်တိုက်ခဲ့သည်။ ယင်းစစ်ပွဲတွင် လေကြောင်းအကူအညီဖြင့် ဆိုင်းနိုင်းကန္တာရ အတွင်းပိုင်းအထိဝင်ရောက်နိုင်ခဲ့ပြီး အေရီရယ်ရှယ်ရွန်ဦးဆောင်သော တင့်ကားတပ်မှာ လည်း ဆူးအက်မြို့အထိဝင်ရောက်နိုင်ခဲ့သည်။ ကုလသမဂ္ဂကြေငြာချက်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းဖြစ်ပေါ် ခဲ့ပြီး အီဂျစ်အတွက် ၁၉၆၇ ခုနှစ်စစ်ပွဲအတွင်းကျဆင်းခဲ့သော ဂုဏ်သိက္ခာပြန်လည် အဖတ်ဆည်နိုင်ခဲ့ပြီး ဆိုင်းနိုင်းကျွန်းဆွယ်တစ်ခုလုံးကို ပြန်လည်ရရှိခဲ့သည်။
ဆာဒက်သည် စီးပွားရေးပြပြင်မှုများအကြီးအကျယ်အပြောင်းအလဲလုပ်ရန်ကြိုးစားခဲ့ပြီး နက်ဆာ၏ ဆိုရှယ်လစ်ထိန်းချုပ်ထားမှုများကို အဆုံးသတ်ပစ်ခဲ့သည်။ တံခါးဖွင့်ဝါဒကို စတင်ခဲ့ပြီးထိုအတွက် အရေးကြီး သော နိုင်ငံရေးလွတ်လပ်ခွင့်နှင့် စီးပွားရေးမူဝါဒသစ်များကို ချမှတ်ခဲ့သည်။ ထို့ကြောင့်စီးပွားရေးအပေါ် အစိုးရချုပ်ကိုင်မှုလျော့ပါးသွားပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာခဲ့သည်။ အဆိုပါပြောင်းလဲမှု များကြောင့် ချမ်းသာကြွယ်ဝသောလူတန်းစား၊ အောင်မြင်သောအထက်တန်းစားနှင့် လူလတ်တန်းစားငယ် များပေါ်ပေါက်လာကာ သာမန်လက်လုပ်လက်စားဆင်းရဲသားလူရဲသားလူတန်းစား၏ မကျေနပ်မှုများ ကြီး ထွားလာခဲ့ရာ ဆာဒက်အစိုးရအပေါ်၎င်းတို့ငြိုငြင်လာခဲ့သည်။ ၁၉၈၁ အောက်တိုဘာ ၆ ရက်နေ့တွင် အစ္စလာမ်အစွန်းရောက်များလက်ချက်ဖြင့် သမ္မတ ဆာဒက် လုပ်ကြံခံခဲ့ရသည်။ ထိုအခါ ဒုတိယသမ္မတ အဖြစ်တာဝန်ထမ်းဆောင်နေသော ဟိုစနီမူဘာရက်ကို သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့သည်။ ၎င်းသည် နောက်ထပ် ၆ နှစ်သက်တမ်းသုံးကြိမ်ရွေးချယ်တင်မြှောက်ခြင်းခံရသော်လည်း သမ္မလောင်းအဖြစ် စာရင်းသွင်းခံရသူမှာ မူဘာရက်တစ်ဦးတည်းသာ ရှိကြောင်း အဝေဖန်ခံခဲ့ရသည်။ သမ္မတ ဆာဒက် လက်ထက်က ဆောင်ရွက်ခဲ့သော ကမ့်ဒေးဗစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ တွင် အာရပ်အဖွဲ့ချုပ်သို့ပြန်လည်ဝင်ရောက်ခဲ့သည်။ ၁၉၉၁ မှစ၍ ပြည်တွင်းစီးပွားရေးပြုပြင်ပြောင်း လဲရေး အစီအစဉ်များဆောင်ရွက်ခဲ့ပြီး ပြည်သူပိုင်လုပ်ငန်းများကို လျှော့ချ၍ ပုဂ္ဂလိကပိုင်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်စေခဲ့သည်။ ငွေကြေးဖေါင်းပွမှုကို လျှော့ချနိုင်ပြီး တစ်ဦးချင်းဝင်ငွေအားဖြင့် ၂၀၀၆ ခုနှစ်တွင် ၄၅၃၅ အမေရိကန်ဒေါ်လာ ဝင်ငွေရှိသည်။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတော်ပင်အားနည်းခဲ့သည်။ ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၅၄ နေရာရှိရာတွင် အတိုက်အခံမှ ၃၄ နေရာသာရရှိ ပြီး အာဏာရ အမျိုးသားဒီမိုကရက်တစ်ပါတီမှ ၃၈၈ နေရာရရှိသည်။ ၂၀၀၅ ခုနှစ်တွင် ပြုပြင်ပြောင်းလဲထား သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်စားလှယ်လောင်းများစွာ သမ္မတအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ သော်လည်း မူဘာရက်က ၈၇% ဖြင့်နောက်ထပ် ၆ နှစ်ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ အဓိက အတိုက်အခံပြိုင်ဘက်မှာ ဂယ့်သ်ပါတီခေါင်းဆောင် အခွင့်အရေးဆိုင်ရာတက်ကြွလှုပ်ရှားသူ အေမန်နာဝါ ဖြစ်သည်။ ထို့နောက် အေမန်နာဝါကို မသမာမှုများဖြင့်စွပ်စွဲပြီး ထောင်သွင်း အကျဉ်းချထားခဲ့သည်။ ၂၀၀၉ ဖေဖေါ်ဝါရီလတွင် ၎င်းကိုပြန်လွှတ်ပေးခဲ့သည်။
မူဘာရက်သည်အီဂျစ်ကို အာဏာရှင်စံနစ်ဖြင့် တင်းကျပ်စွာ အုပ်ချုပ်ခဲ့သည်။ အစိုးရမှ ပုဂ္ဂလိကပိုင် ချပေးသော လုပ်ငန်းများတွင် မူဘာရက်၏သား အယ်လား ခြစားမှုသတင်းများပေါ်ထွက်လာပြီးနောက် မူဘာရက်နှင့် ၎င်း၏စီးပွားရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်များကို ထောက်ခံမှုအကြီးအကျယ်ကျဆင်းသွား ခဲ့သည်။ ၂၀၀၀ ခုနှစ်ခန့်တွင် အယ်လားအကြောင်းမှေးမှိန်သွားပြီး မူဘာရက်၏ ဒုတိယသားဖြစ်သူ ဂမေးလ် အမျိုးသားဒီမိုကရက်တစ်ပါတီတွင်း လစ်ဘရယ်လက်သစ်အဖြစ် ပေါ်ထွက်လာသည်။
၂၀၁၁ ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်၍ လူအများလမ်းပေါ်ထွက်ဆန္ဒပြကြပြီး အာဏာဖီဆန်မှုများ ဖြစ်ပွားလာခဲ့သည်။ ရဲများ၏ အကြမ်းဖက်မှု၊ အရေးပေါ်အခြေအနေဥပဒေပြဋ္ဌာန်းထားမှု၊ အလုပ်လက်မဲ့၊ လစာတိုးမြှင့်ရေး၊ အိမ်ယာချို့တဲ့မှု၊ အစားအသောက်များဈေးကြီးခြင်း၊ အကျင့်ပျက်ခြစားမှုများ ပေါများခြင်း၊ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်မရှိခြင်း၊ နေထိုင်မှုအဆင့်အတန်းနိမ့်ကျခြင်း စသည့် မကျေနပ်ချက်အများ ကြောင့် လူထုအုံကြွမှုဖြစ်ပေါ်လာရခြင်းဖြစ်ပေသည်။ ၂၀၁၁ ဖေဖေါ်ဝါရီ ၁၁ တွင် စစ်တပ်ကြားဖြတ်အစိုးရ သို့အာဏာကို လွှဲပြောင်း၍ သမ္မတမူဘာရက် အာဏာစွန့်ခဲ့လေတော့သည်။



တူနီးရှား

တူနီးရှားနိုင်ငံသည် လွတ်လပ်ရေးအတွက် ဆယ်စုနှစ်များစွာကြိုးပမ်းခဲ့ရသည်။ ၁၉၅၄ တွင် တူနီးရှားအလုပ်သမားသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်တို့မှ ထောက်ခံသော နီယိုဒတ်စတော နိုင်ငံရေးပါတီ နှင့် ပြင်သစ်နိုင်ငံကြား ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။ ၁၉၅၅ ဧပြီလတွင် ပြင်သစ်က စစ်ဘက်နှင့် နိုင်ငံခြားရေးကိုကိုင်တွယ်ထားသော ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်သဘောတူညီ ချက်ရရှိခဲ့သည်။ ဘော်ဂူအစ်ဘာကို ထောင်ချထားရာမှ ပြင်သစ်တို့က ပြန်လည်လွှတ်ပေးခဲ့သည်။ ၁၉၅၆ မတ်လ ၂၀ ရက်နေ့တွင် တူနီးရှားနိုင်ငံအပြည့်အဝလွတ်လပ်ရေးရခဲ့သည်။ ထို့နောက် ဇူလိုင်လတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ ပြင်သစ်ထံမှ လွတ်လပ်ရေးရစဉ်က တူနီးရှားသည် စည်းမျဉ်း ခံဘုရင်စံနစ်အဖြစ် အုပ်ချုပ်သောနိုင်ငံဖြစ်သည်။ အဋ္ဌမမြောက်မူဟာမက် အယ်အေမင်ဖြစ်သည်။ ၁၉၅၆ မတ်လ ၂၅ ရက်တွင်ကျင်းပသောရွေးကောက်ပွဲတွင် ဘော်ဂူအစ်ဘာဦးဆောင်သော နီယို ဒက်စတောပါတီ အနိုင်ရရှိကာ ဘော်ဂူအစ်ဘီ ဝန်ကြီးချုပ်ဖြစ်လာသောအခါ ဘုရင်စံနစ်ကို ဖျက်သိမ်းပြီး ဘုရင့်ရုံးကိုလည်း ဖျက်သိမ်းပစ်ခဲ့သည်။ ထို့နောက် သမ္မတနိုင်ငံတော်အဖြစ်ကြေငြာကာ ဘော်ဂူအစ်ဘီ ပထမဆုံးသမ္မတ ဖြစ်လာပြီး တစ်ပါတီစံနစ်ကို ကျင့်သုံးခဲ့သည်။
နီယိုဒတ်စတောအစိုးရသည် တင်းကြပ်သောစည်းမျဉ်းစည်းကမ်းများဖြင့် ထိရောက်အောင်မြင် သောအုပ်ချုပ်ရေးစံနစ်ကို တည်ထောင်အုပ်ချုပ်နိုင်ခဲ့သော်လည်း ဒီမိုကရေစီနည်းလမ်းတကျတော့ မဟုတ် ခဲ့ပေ။ ထို့ကြောင့် ဘော်ဂူအစ်ဘီ တစ်ဦးတည်းနောက်ထပ် ၃၁ နှစ်ကြာအောင်တိုင်းပြည်ကို အုပ်ချုပ်နိုင်ခဲ့ သည်။ တည်ငြိမ်ရေးနှင့်စီးပွားရေးအပေါ်အမှီပြုကာ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည်။ အစ္စလာမ်အခြေခံဝါဒီများ ကို ဖိနှိပ်၍ အခြားအာရပ်နိုင်ငံများမတူဘဲထူးထူးခြားခြား အမျိုးသမီးအခွင့်အရေးများ ဖွင့်ထားပေးခဲ့ သည်။
ဘော်ဂူအစ်ဘီကို ထင်ရှားသောတူရကီအမျိုးသားခေါင်းဆောင် အာတာတာ့နှင့် နှိုင်းယှဉ်ပြောဆိုလေ့ရှိ သည်။ ဘော်ဂူအစ်ဘီဝါဒသည် စစ်ဝါဒမဟုတ်ကြောင်း အခိုင်အမာပြောဆိုလေ့ရှိသည်။ တူနီးရှားကို စစ်အင် အားကြီးနိုင်ငံတစ်ခုအဖြစ်တည်ဆောက်မည်မဟုတ်ကြောင်း၊ စစ်အင်အားတည်ဆောက်ခြင်းသည် အရင်းအ မြစ်များကို ဖြုန်းတီးပစ်ရာရောက်ပြီး စစ်အင်အားတည်ဆောက်ခြင်းအားဖြင့် အခြားသောအရှေ့ အလယ် ပိုင်းရှိ စစ်အင်အားတည်ဆောက်သောနိုင်ငံ များတွင် နိုင်ငံရေး၌ တွေ့ကြုံခံစားနေရသော နိုင်ငံရေးတွင် စစ်တပ်၏ဝင်ရောက်စွက်ဖက်မှုများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်းထောက်ပြပြောဆိုသည်။ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးခေါင်းစဉ်ဖြင့် ဘာသာရေးဆိုင်ရာမြေယာများကို ပြည်သူပိုင်သိမ်းခြင်း၊ ဘာသာရေးအဖွဲ့အစည်း အများအပြားကို ဖျက်သိမ်းပစ်ခြင်းများ ပြုလုပ်ခဲ့သည်။ ဘာသာရေးအခြေခံဝါဒီတစ်ဦးမဟုတ်သော်လည်း ဘာသာတရားကိုဆန့်ကျင်သောသူတစ်ဦးလည်း မဟုတ်ခဲ့ပေ။ ဘော်ဂူအစ်ဘာ၏ အဓိကအတိုက်အခံမှာ ဆာလာဘန်ယူဆွတ်ဖြစ်ပြီး ၁၉၅၀ နှစ်များအတွင်း ပြည်နှင်ဒါဏ်ပေးခံရပြီး အီဂျစ်ပြည်ကိုင်ရိုတွင်ခိုလှုံနေ ခဲ့သည်။ ထိုအချိန်မှစ၍ ဘော်ဂူအစ်ဘာအတွက် ပြောပလောက်သော အတိုက်အခံဟူ၍ မရှိတော့ပေ။ လွတ်လပ်ရေးရစဉ်အချိန်ကတည်းက တူနီးရှားသည် တစ်ပါတီစံနစ်ဖြင့်သာအုပ်ချုပ်ခဲ့သော်လည်း ၁၉၆၃ တွင် နီယိုဒတ်စတောပါတီသည် တရားဝင်ရပ်တည်ခွင့်ရသည့် တစ်ခုတည်းသောပါတီအဖြစ်ကြေငြာခဲ့သည်။
ဘော်ဂူအစ်ဘာလက်ထက်တွင် အတိုက်အခံများကို ဖိနှိပ်ခဲ့သည်။ ၁၉၇၈ အထွေထွေသပိတ်ကို အင်အားသုံး ဖြိုခွင်းခဲ့ရာ ဒါဇင်ပေါင်းများစွာသေကြေပြီး ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခဲ့သည်။ စာနယ်ဇင်းများကိုချုပ်ချယ်ထားခဲ့ပြီး အတိုက်အခံများကို မကြာခဏဆိုသလိုဖမ်းဆီးထောင်ချခဲ့သည်။ ၁၉၇၅ တွင် ဘော်ဂူအစ်ဘီက ရာသက်ပန်သမ္မတ အဖြစ်ကြေငြာခဲ့သည်။
၁၉၈၀ နှစ်များတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှု အလွန်နည်းပါးခဲ့သည်။ ၁၉၈၃ တွင် ပေါင်မုန့်နှင့် ဂျုံဈေးတက်မှုကို အကြောင်းပြု၍ လူထုဆန္ဒပြမှုများဖြစ်ပွားရာတွင် ဗိုလ်ချုပ် ဇိုင်း အယ်အဘီဒိုင်း ဘင်အာလီ ဦးဆောင်သောစစ်တပ်မှ အကြမ်းဖက်ဖြိုခွဲခဲ့သည်။ ထို့နောက် ဘင်အာလီ ဝန်ကြီးချုပ်ဖြစ်လာခဲ့ သည်။ သမ္မတ ဟာဘစ်ဘော်ဂူအစ်ဘီ ကျန်းမာရေးအခြေအနေဆိုးရွားလာသောကြောင့် ၁၉၈၇ နိုင်ဝင်ဘာ ၇ ရက်နေ့တွင် ဘင်အလီသမ္မတရာထူးကို လက်ခံရယူခဲ့သည်။
ဘင်အလီလက်ထက်တွင်စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အကြီးအကျယ်ဆောင်ရွက်ခဲ့ပြီး တူနီးရှား စီးပွားရေးတောင့်တင်းစေခဲ့ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးပွားလာသည်။ ဘင်အလီ သမ္မတအဖြစ်စတင် တာဝန်ယူချိန်မှစ၍ ၁၉၈၆ တွင် GDP ၁၂၀၁ ဒေါ်လာရှိရာမှ ၂၀၀၈ တွင် ၃၇၈၆ ဒေါ်လာအထိသုံးဆကျော် တိုးတက်လာခဲ့သည်။ ၁၉၈၇ မှစ၍ နောက်နှစ်နှစ်ဆယ်အတွင်း နှစ်စဉ် GDP ငါးရာခိုင်နှုန်းအတိုးပြသည်။ ၂၀၁၀ ဇူလိုင်တွင် Boston Consulting Group မှ တူနီးရှားကို အာဖရိက ခြင်္သေ့များထဲ တွင်ပါဝင်သော နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ခဲ့သည်။ စိုက်ပျိုးထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်းများပြန်လည်အားကောင်းလာ ခြင်းနှင့် အီးယူနှင့် ကောင်းမွန်းသောဆက်ဆံရေးရှိခြင်းကြောင့် GDP ပုံမှန်တိုးတက်လာနေခဲ့သည်။ ၂၀၁၀-၂၀၁၁ တွင် Global Competitiveness Report မှ တူနီးရှားကို အာဖရိကတွင် နံပါတ်တစ်နှင့် ကမ္ဘာတွင် အဆင့် ၃၂ အဖြစ်သတ်မှတ်ခဲ့သည်။ သို့သော် လူငယ်များကြားအလုပ်လက်မဲ့နှုန်းမြင့်မားမှု၊ အသေးစားလုပ် ငန်းများ ကမ္ဘာ့ဈေးကွက်တွင်ယှဉ်ပြိုင်သောအခါ အခြေအနေမလှမှုများဆက်လက်ဖြစ်ပွားနေခဲ့သည်။ ၂၀၁၀ ဒီဇင်ဘာနှင့် ၂၀၁၁ ဇန်နဝါရီလတွင် လူထုဆန္ဒပြမှုကြီးဖြစ်ပွားခဲ့သည်။ ထိုအခါ သမ္မတဘင်အလီက နိုင်ငံတော် အရေးပေါ်အခြေအနေကြေငြာခဲ့ပြီး ၂၀၁၁ ဇန်နဝါရီ ၁၄ ရက်နေ့တွင် အစိုးရအဖွဲ့ကိုဖျက်သိမ်း ကာ ခြောက်လအတွင်းရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်ကြောင်းကတိပေးခဲ့သည်။ သို့သော်ထိုနေ့မှာပင် ဝန်ကြီးချုပ် မိုဟာမက်ဂန္နူချီက သမ္မအာဏာကို ၎င်းကလွှဲပြောင်းရယူလိုက်ကြောင်းအစိုးရရုပ်မြင်သံကြားမှ ထုတ်လွှင့်ကြေငြာခဲ့သည်။ ထို့နောက် ဇန်နဝါရီည ၁၄၊ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ဘင်အလီသည် ဒူဘိုင်းသို့လေယာဉ်ပျံဖြင့် ထွက်ပြေးသွားခဲ့ပြီး ဆောဒီအာရေးဗျသို့ ၁၅ ရက်နေ့စောပိုင်းတွင်ရောက်ရှိကာ ဆော်ဒီ အာဏာပိုင်များက ကြိုဆိုခဲ့ကြသည်။

လစ်ဗျား

မွမ်မါကဒါဖီ၏လက်အောက်တွင် လစ်ဗျားနိုင်ငံသည် အနှစ် ၄၀ မျှရှည်လျားခဲ့သည်။ ၁၉၆၉ စက်တင်ဘာ ၁ ရက်နေ့တွင် ငယ်ရွယ်သောလစ်ဗျားစစ်တပ်အရာရှိအုပ်စုတစ်စုဦးဆောင်၍ ဘုရင် ပထမအိုင်းဒရစ်ထံမှ အာဏာသိမ်းယူပြီး ကဒါဖီအာဏာရှင်ဖြစ်လာခဲ့သည်။ ဘုရင်အိုင်းဒရစ်ကို အီဂျစ်သို့ ပြည်နှင်ဒါဏ်ပေးခဲ့သည်။ အစိုးရသစ်ကို တော်လှန်ရေးကောင်စီ(RCC) ကဦးဆောင်ပြီး ဘုရင်စံနစ်နှင့် အခြေခံဥပဒေကို ဖျက်သိမ်းခဲ့သည်။ လစ်ဗျားအာရပ်သမ္မတနိုင်ငံကိုတည်ထောင်ခဲ့သည်။
၁၉၇၇ တွင် လစ်ဗျားအာရပ်သမ္မတနိုင်ငံတော် ဟူသော အမည်မှ ဂျာမာဟီရီယာ “ညီညွတ်သောပြည်သူ့ နိုင်ငံတော်” ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ကဒါဖီသည်သူ့ကိုယ်သူ တော်လှန်ရေးနှင့် လမ်းညွှန်ခေါင်းဆောင်ကြီးအဖြစ်ခံယူကာ ပြည်သူ့ကော်မတီအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၉ တွင် လစ်ဗျား အထွေထွေပြည်သူ့လွှတ်တော်၏ အထွေထွေအတွင်းရေးမှူးအဖြစ်မှ နှုတ်ထွက်ပြီး ၁၉၈၀ မှ ၂၀၀၀ ခုနှစ်များအထိ တိုင်းပြည်ကို တစ်ပါတီအာဏာရှင်စံနစ်ဖြင့် အုပ်ချုပ်လာခဲ့သည်။
၁၉၇၀ ခုနှစ်များတွင် ဆိုဗီယက်အုပ်စုနှင့်မဟာမိတ်များဖြစ်ခဲ့ပြီး ၁၉၇၀ မှ ၁၉၈၀ ခုနှစ်များ တစ်လျောက် နိုင်ငံတကာအကြမ်းဖက်များကို ထောက်ပံ့နေခဲ့သည်။ ၁၉၈၆ တွင် ရေဂင်အစိုးရလက်ထက် လစ်ဗျားကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၁၉၉၃ တွင်နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် အနောက်နိုင်ငံများနှင့်ဆက်ဆံရေးအတွက် ပုံစံတစ်မျိုးဖြင့်ပြောင်းလဲချဉ်းကပ်ခဲ့သည်။ ၁၉၇၀ မှ ၁၉၉၀ နှစ်များအတွင်း အာဏာသိမ်းရန်ကြိုးပမ်းမှုများပေါ်ပေါက်ခဲ့သည်။ ၁၉၉၃ တွင် ကဒါဖီကို လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းခဲ့သည်။ ၂၀၁၁ ဖေဖေါ်ဝါရီလတွင် လူထုအုံကြွမှုပေါ်ပေါက်လာခဲ့သည်။ စစ်တပ်နှစ်ခြမ်းကွဲသွားပြီး ကဒါဖီဆန့်ကျင်ရေးသမားများက လစ်ဗျားအရှေ့ပိုင်းမြို့များကို သိမ်းပိုက်ထားခဲ့ ရာမှ ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက စစ်ရေးအရ ဝင်ရောက်ရန်ဆုံးဖြတ်ခဲ့ပြီး လစ်ဗျားနိုင်ငံအတွင်း မပျံသန်းရဇုံသတ်မှတ်ကာ နိုင်ငံစုံတပ်များက ကဒါဖီတပ်များကို တိုက်ခိုက်ခဲ့သည်။
၁၉၅၉ တွင် ရေနံသိုက်ရှာဖွေတွေ့ရှိပြီးနောက် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်မှ ချမ်းသာကြွယ်ဝ သောနိုင်ငံဖြစ်လာခဲ့သည်။ စစ်တပ်မှ အရာရှိ ၇၀ ခန့်ပါဝင်သောတော်လှန်ရေးအုပ်စုမှ ‘Free Officers Movement’ လှုပ်ရှားမှုဖြင့် ၁၉၆၉ စက်တင်ဘာ ၁ ရက်တွင် အာဏာသိမ်းပိုက်ခဲ့ပြီး ဘုရင်စံနစ်ကိုဖြုတ်ချခဲ့ သည်။ အာဏာသိမ်းပွဲနှင့်ပတ်သက်၍ သွေးမြေကျမှုမရှိခဲ့ပေ။
လစ်ဗျားအာရပ်သမ္မတနိုင်ငံအဖြစ်တည်ထောင်ပြီးနောက် တစ်ဦးတစ်ယောက်ဦးယောက်ဦးဆောင် မှုဖြင့်အုပ်ချုပ်မည်မဟုတ်ပဲ RCC မှဦးဆောင်မှုဖြင့် ဆုံးဖြတ်ဆောင်ရွက်သွားမည်ဟုကြေငြာခဲ့သော်လည်း နောက်ပိုင်းတွင် ကဒါဖီသာ အာဏာရှင်ဖြစ်လာကာ RCC သည် ၎င်း၏ ရော်ဘာတံဆိပ်တုံးသာသာဖြစ်လာခဲ့ သည်။ ၁၉၆၉ ဒီဇင်ဘာတွင် ကာကွယ်ရေးဝန်ကြီး အာမက်ဆာအစ် ဟော်ဝက်ဇ်၊ ပြည်ထဲရေးဝန်ကြီး မူဆာ အာမက်တို့ကို အာဏာသိမ်းရန်ကြံစည်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဝန်ကြီးအဖွဲ့ကိုဖွဲ့စည်းပြီးနောက် ကဒါဖီသည် RCC ၏ ဥက္ကဋ္ဌ အဖြစ်နှင့် တာဝန်ခံဝန်ကြီးချုပ်နှင့်ပြည်ထဲရေးဝန်ကြီး ရာထူးတို့ကို တွဲဖက်ရယူ ခဲ့သည်။
၁၉၇၁ နှင့် ၁၉၇၂ တွင် ယခင်အစိုးရဟောင်းမှ ဝန်ကြီးချုပ်များနှင့်အခြားအစိုးရအဖွဲ့များ ၂၀၀ ကျော်ကို နိုင်ငံတော် သစ္စာဖောက်မှုဖြင့် တရားစွဲဆိုခဲ့သည်။ ၁၉၇၁ တွင် လွတ်လပ်သောစစ်တပ်အရာရှိများ လှုပ်ရှားမှုကို “အာရပ် ဆိုရှယ်လစ်သမဂ္ဂ” (ASU) ဟူသောအမည်ဖြင့်ပြောင်းလဲခဲ့သည်။ တစ်ပါတီစံနစ်ကို ကျင့်သုံးခဲ့သည်။ ကုန်သွယ်ရေးသမဂ္ဂများသည် ASU နှင့်အတူပူးပေါင်းဆောင်ရွက်ရသည်။ သတင်းစာများ ကိုစိစစ်တည်းဖြတ်ခဲ့သည်။ ဂျူးလက်ကျန်အီတလီလူမျိုးများကို တိုင်းပြည်မှ နှင်ထုတ်ပြီးပိုင်ဆိုင်မှုများကို သိမ်းယူခဲ့သည်။ စက်တင်ဘာအာဏာသိမ်းပွဲပြီးနောက် ယခင်အစိုးရနှင့် သဘောတူညီထားသည့်အတိုင်း ဝှီးလပ်စ် လေတပ်အခြေစိုက်စခန်းကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ နောက်ပိုင်းတွင်အမေရိကန်နှင့်ဆက်ဆံရေး တဖြည်းဖြည်းပိုမိုတင်းမာလာကာ လစ်ဗျားသည် ဆိုဗီယက်ယူနီယံနှင့် အခြားအရှေ့ဥရောပနိုင်ငံများနှင့် နီးစပ်ခဲ့သည်။ လစ်ဗျားလူ့အဖွဲ့အစည်းကို ပြန်လည်ပြင်ဆင်ရာတွင် ကဒါဖီ၏ အယူအဆများနှင့်ရောမွှေကာ ၁၉၇၃ ခုနှစ်မှ အစပြု၍ ယဉ်ကျေးမှုတော်လှန်ရေးအမည်ဖြင့် စတင်ကျင့်သုံးခဲ့သည်။ ထို့နောက်နိုင်ငံအနှံ့ လူထုကော်မီတီများဖွဲ့စည်းကာ ဒေသတွင်းအုပ်ချုပ်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်စေခဲ့သည်။ ပုံမှန် အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အဖွဲ့ဝင်များရွေးချယ်ခြင်း စသည်တို့ဖြင့် ပြည်သူ့ကော်မီတီများ သည် တိုက်ရိုက်ဒီမိုကရေစီတွင် ပါဝင်ဖွဲ့စည်းထားသည့်အဖွဲ့အစည်းများဖြစ်သည်ဟု ၁၉၆၇ ခုနှစ်တွင် ထွက်ပေါ်လာသော ကဒါဖီ၏ စာအုပ်စိမ်းထဲတွင် ရည်ညွှန်းထားသည်။ ယင်းကော်မီတီများ၏ ဗဟိုမှာ ယခင် RCC ကို အစားထိုးဖွဲ့စည်းလိုက်သော အထွေထွေ ပြည်သူ့လွှတ်တော် (GPC) ဖြစ်သည်။
၁၉၇၇ မတ်လ ၁ ရက်နေ့တွင် ကဒါဖီ၏ အမိန့်ဖြင့် GPC သည် “ပြည်သူ့အာဏာတည်ထောင်ခြင်း ကြေငြာချက်” နှင့် “ဆိုရှယ်လစ်ပြည်သူ့လစ်ဗျားအာရပ် ညီညွတ်သောပြည်သူ့နိုင်ငံတော်” ဟူ၍ သတ်မှတ်ခဲ့ သည်။ GPC ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ကဒါဖီကို အတည်ပြုခဲ့ကြပြီး ကဒါဖီက ဖျက်သိမ်းခဲ့သော RCC မှလက်ကျန်အဖွဲ့ဝင်များကိုအထွေထွေ အတွင်းရေးမှူးအဖွဲ့အဖြစ်ဖန်တီးဖွဲ့စည်းခဲ့သည်။
ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာများ ကို GPC ကချုပ်ကိုင်ထားသည်။ တဖန် အာဏာ အများစုမှာလည်း အထွေထွေအတွင်းရေးမှူးနှင့် အထွေထွေအတွင်းရေးမှူးများ အဖွဲ့၌သာတည်သည်။ RCC တွင် ဥက္ကဋ္ဌအဖြစ်ထမ်းဆောင်ခဲ့သလိုပင် GPC ၏ အထွေထွေအတွင်းရေးမှူးတစ်ဦးအနေနှင့် ကဒါဖီသည် ဆုံးဖြတ်ချက်များ၊ မူဝါဒများချသူဖြစ်သည်။ ဒေသဆိုင်ရာ အခြေခံ ပြည်သူ့လွှတ်တော် (BPC) များတွင်လည်း အရွယ်ရောက်သူတိုင်း ပါဝင်ပြောရေးဆိုခွင့်၊ ဆွေးနွေးခွင့်၊ တင်ပြခွင့်များကို ခွင့်ပြုပြီး ယင်းတို့ထံမှ တက်လာသော ဆုံးဖြတ်ဆောင်ရွက်ဖွယ်ကိစ္စများကို GPC သို့တင်ပြပြီးအမျိုးသားမူဝါဒအဖြစ်ချ မှတ်ကာ စဉ်းစားဆောင်ရွက်ပေးခြင်းများပြုလုပ်သည်။ ဤသို့ဆောင်ရွက်ခြင်းကို ကဒါဖီက တိုက်ရိုက်ပြည် သူ့အာဏာဟု အမည်ပေးသည်။ လစ်ဗျားနိုင်ငံရေးနှင့် အုပ်ချုပ်ရေးစံနစ်ကို ပြင်ဆင်ပြောင်းလဲသည့် အနေ ဖြင့် ၁၉၇၇ မှစ၍ “တော်လှန်ရေးကော်မီတီ” တစ်ရပ်ကို ကဒါဖီဖွဲ့စည်းခဲ့သည်။ ယင်းကော်မီတီက ပြည်သူ့ကော်မီတီများကို ကြီးကြပ်အကြံပေးရန် တာဝန်ပေးခဲ့သည်။ သို့သော်လက်တွေ့တွင် ပြည်သူလူထု ကိုထောက်လှမ်းရန်၊ အတိုက်အခံများကို နှိမ်နှင်းရန် လုပ်ဆောင်သည်။ လစ်ဗျားတွင် ဤသို့စောင့်ကြည့် ထောက်လှမ်းသည့် အလုပ်ကို လစ်ဗျားလူမျိုး ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိလုပ်ကိုင်သည်။ တိုင်းပြည်အနှံ့ တော်လှန်ရေး ကော်မီတီများပေါ်ပေါက်လာပြီး ကော်မီတီများအတွင်း နိုင်ငံရေးတောကြောင် များဖြင့်ခြေချင်းလိမ်နေတော့သည်။ ၁၉၇၉ တွင် BPC ရွေးကောက်ပွဲများကို တော်လှန်ရေးကော်မီတီများက ထိန်းချုပ်လာခဲ့သည်။ တရားဝင်အစိုးရဖွဲ့အစည်းမဟုတ်သော်လည်း ပြည်တွင်းနိုင်ငံရေးလောကတွင် အရေး ပါသော အဖွဲ့အစည်းဖြစ်လာခဲ့သည်။
ကဒါဖီသည်နိုင်ငံတကာ အကြမ်းဖက်မှုများတွင် အားပေးအားမြှောက်ပြုခဲ့သည့် အဖြစ်အပျက်များ စွာရှိခဲ့သည်။ ပါလက်စတိုင်း အကြမ်းဖက်အုပ်စုတွင်စေတနာ့ဝန်ထမ်းပါဝင်လှုပ်ရှားလိုသူများသည် မည်သည့် လစ်ဗျားသံရုံးတွင်မဆို စာရင်းပေးသွင်းနိုင်ပြီး လိုအပ်သော စစ်သင်တန်းများနှင့် လက်နက်များ တပ်ဆင်ပေးပြီး ငွေကြေးထောက်ပံ့သွားမည်ဖြစ်ကြောင်း ၁၉၇၁ ဇွန်လတွင် ကဒါဖီက ကြေငြာခဲ့သည်။ ၁၉၇၂ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့တွင် ဂျပန်တပ်နီတော်မှ လုပ်ဆောင်သော လော့ဒ် လေဆိပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ကဒါဖီက ချီးကျူးခဲ့ပြီး ပါလက်စတိုင်း အကြမ်းဖက်များအနေနှင့်လည်း ဤသို့လုပ်ဆောင်သင့်ကြောင်းပြောကြားခဲ့သည်။ ၁၉၇၂ မြူးနစ်နွေရာသီအိုလံပစ်ပွဲတော်တွင်ဖြစ်ပွားခဲ့ သော အမဲရောင်စက်တင်ဘာဟု အမည်ပေးခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၏ ငွေကြေးထောက် ပံ့သူမှာ ကဒါဖီဖြစ်ကြောင်း ဆိုသည်။ အိုင်ယာလန်ရှိ IRA သူပုန်များကိုလည်း ထောက်ပံ့ခဲ့သည်။ ၁၉၈၁ တွင် အမေရိကန်သမ္မတရော်နယ်ရေဂင်ကို လုပ်ကြံသတ်ဖြတ်ရန် ကဒါဖီမှပြောဆိုမှုများရှိခဲ့သည်။ ၁၉၈၁ အောက်တိုဘာတွင် အီဂျစ်သမ္မတ အဏ္ဏဝါဆာဒက်လုပ်ကြံခံရပြီးသေဆုံးသွားမှုအပေါ် အားရကျေနပ်မှုရှိခဲ့ ပြီး အပြစ်ပေးခံရခြင်းဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။ သမ္မတရော်နယ်ရေဂင်က ၎င်းကို အရှေ့အလယ်ပိုင်းခွေးရူး ဟုအမည်ပေးခဲ့သည်။ နီကာရာဂွာရှိ ဆန်ဒီနစ္စတာများကို စစ်သင်တန်းများပေး ခြင်း၊ လက်နက်ထောက်ပံ့ခြင်း စသည်ဖြင့် ဒေါ်လာသန်းပေါင်းများစွာထောက်ပံ့ခဲ့သည်။ ၁၉၈၅ ဒီဇင်ဘာ ရောမနှင့် ဗီယင်နာ လေဆိပ်များတိုက်ခိုက်မှုတွင် ၁၉ ဦးသေဆုံးပြီး ၁၄၀ ခန့်ဒါဏ်ရာရရှိခဲ့သည်။ ယင်းအဖြစ်အပျက်များပြီးနောက် ဥရောပနိုင်ငံများအနေနှင့်လစ်ဗျားဆန့်ကျင်သူများကို ထောက်ခံနေသမျှ ကာလပတ်လုံး သူကလည်း ဂျာမဏီအကြမ်းဖက်တပ်နီတော်အဖွဲ့၊ အီတလီအကြမ်းဖက် တပ်နီအဖွဲ့၊ အိုင်းရစ် IRC သူပုန်အဖွဲ့တို့ကိုထောက်ခံသွားမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။ လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး ကလည်း ယင်းသို့အကြမ်းဖက်သတ်ဖြတ်မှုများကို သူရဲကောင်းလုပ်ရပ် ဟုခေါ်ဆိုခဲ့သည်။
၁၉၈၆ တွင် အမေရိကန်နှင့် ဥရောပအကျိုးစီးပွားများကို တိုက်ခိုက်ရန် လစ်ဗျားက အသေခံဗုံးခွဲ တပ်ဖွဲ့များကိုလေ့ကျင့် ပေးနေကြောင်း လစ်ဗျား နိုင်ငံပိုင်ရုပ်သံမှကြေငြာခဲ့သည်။ ၁၉၈၆ ဧပြီ ၅ ရက်နေ့ တွင် လစ်ဗျားသူလျှိုများက အနောက်ဘာလင်ရှိ လာဘယ်လီ ညကလပ်ကို ဗုံးခွဲခဲ့ရာ သုံးဦးသေဆုံးပြီး ၂၂၉ ဦးဒါဏ်ရာရှိခဲ့သည်။ နောက်ပိုင်းတွင် အရှေ့အနောက်ဂျာမဏီပြန်လည်ပေါင်းစည်းသွားသောအခါ ယခင် အရှေ့ဂျာမဏီနိုင်ငံလစ်ဗျားသံရုံးမှတစ်ဆင့် ဗုံးခွဲမှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးအပြစ်ပေးခဲ့သည်။ နောက်ပိုင်းနှစ်များတွင် အနောက်ဥရောပနိုင်ငံအများအပြား လစ်ဗျားအပေါ် အရေးယူဆောင်ရွက်မှုများပြု လုပ်ခဲ့သည်။
၁၉၈၈ တွင် စကော့တလန်၊ လော့ကာဘီ တွင် ပန်အမ်လေယဉ်အမှတ် ၁၀၃ ဗုံးဖေါက်ခွဲခံခဲ့ရမှုနှင့် ပတ်သက်၍ ကဒါဖီကိုစွပ်စွဲခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂက လစ်ဗျားကို စီးပွားရေးပိတ်ဆို့ အရေးယူမှုဆောင်ရွက်ခဲ့သည်။ ၂၀၀၃ ဒီဇင်ဘာတွင် စစ်လက်နက်ပစ္စည်းများနှင့် အစုလိုက်အပြုံလိုက်သေ စေနိုင်သော လက်နက်ပစ္စည်းများ ရရှိပိုင်ဆိုင်မှု အစီအစဉ်ကို စွန့်လွှတ်ကြောင်းနှင့် အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ကြောင်းကြေငြာခဲ့သည်။ အနောက်ဥရောပမှ ခေါင်းဆောင်များကို လက်ခံတွေ့ဆုံခဲ့ပြီး ကိုယ်တိုင် လည်း ၂၀၀၄ ဧပြီတွင် အနောက်ဥရောပသို့ ၁၅ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ဘရပ်ဆဲလ်သို့ သွားရောက်ခဲ့သည်။ လော်ကာဘီဗုံးကွဲမှု၊ လာဘယ်လီ ညကလပ်ဗုံးကွဲမှု၊ UTA 772 ဗုံးကွဲမှုတို့နှင့်ပတ်သက် ပြီးလျော်ကြေးများပေးရန်ကမ်းလှမ်းခဲ့သည်။ ၂၀၀၆ ဇွန်လတွင် အမေရိကန်မှ လစ်ဗျားအပေါ်သတ်မှတ်ထား သော အကြမ်းဖက်မှုထောက်ခံသောနိုင်ငံ စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။
ရှည်လျားလှသော ကဒါဖီအုပ်ချုပ်မှုကာလအတွင်း အတိုက်အခံတို့၏ တွန်းလှန်မှု၊ အာဏာသိမ်းရန် ကြံစည်မှုတို့မှ ခုခံကာကွယ်ခဲ့ရသည်။ ယင်းဖီဆန်မှုများကို တန်ပြန်ရာတွင် တိုင်းပြည်တွင်းအင်အားစုများကို ထိန်းညှိခြင်းဖြင့်လည်းကောင်း၊ အကြမ်းဖက်ဖိနှိပ်ဖြိုခွင်းခြင်းဖြင့်လည်းကောင်း တန်ပြန်ခဲ့သည်။ နိုင်ငံတွင်း လူမျိုးစုများစွာအကြား တစ်စုကို မျက်နှာသာပေးပြီး အခြားတစ်စုကို ထိန်းထားစေခြင်းဖြင့် အင်းအားထိန်း ညှိရာတွင်အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည်။ စစ်တပ်မှ အာဏာသိမ်းခြင်းမပြုနိုင်အောင် လစ်ဗျားစစ် တပ်တွင်း အရာရှိများကို အလှည့်ကျဆောင်ရွက်စေခြင်းဖြင့် အားနည်းစေခဲ့သည်။ တစ်ဖက်တွင် အခွင့်ထူး ခံ တော်လှန်းရေးအစောင့်အကြပ်တပ်၊ ခါမစ် အထူးတပ်ဖွဲ့ နှင့် သူ့ကိုယ်ပိုင်အမေဇုန်သက်တော်စောင့်တပ် တို့ကို အားကိုးအားထားပြုနေခဲ့သည်။ ဖိနှိပ်ဖြိုခွဲခြင်း၊ ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် လူထု အတိုက်အခံပြုမှုများကို ရှင်းလင်းနေခဲ့သည်။ အတိုက်အခံများကို နှိမ်နင်းရာတွင် ပြည်ပြေးအတိုက်အခံများ အဖြစ်ပြည်ပသို့ရောက်ရှိနေသူများကိုပင် သူလျှိုများလွှတ်၍ လိုက်လံသတ်ဖြတ်နှိမ်နင်းစေခဲ့သည်။
၁၉၉၀ ခုနှစ်များတွင် အစ္စလာမ်စစ်သွေးကြွများ၏ စိန်ခေါ်မှုကြုံတွေ့ရသည်။ ၁၉၉၃ အောက်တို ဘာတွင် လစ်ဗျားစစ်တပ်မှ ကဒါဖီကို မကျေနပ်သူများကလုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းရာမအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ၁၉၉၀ ခုနှစ်များအတွင်း သူ၏တော်လှန်ရေးအစောင့်အကြပ်တပ်များကို အသုံးပြု၍ အုံကြွမှုများ၊ အစ္စလာမ္မစ်လှုပ်ရှားမှုများကို အကြမ်းဖက်နှိမ်နင်းခဲ့သည်။
၂၀၁၁ ဖေဖေါ်ဝါရီတွင် လူထုအုံကြွမှုကြီးပေါ်ပေါက်လာခဲ့ရာ ဖေဖေါ်ဝါရီ ၁၅ ရက်၌ ဘင်ဂါဇီတွင် လူထုဆန္ဒပြမှုများကိုရဲများက နှိမ်နင်းမှုနှင့်ပတ်သက်ပြီး အယ်ဂျာဇီးယားရုပ်သံနှင့် အင်တာဗျူးပြုလုပ်ခဲ့သူ စာရေးဆရာ အိုင်ဒရစ် အယ်-မတ်စ်မာရီကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖေဖေါ်ဝါရီလ ၂၆ မှစ၍ ကဒါဖီကို ပြောင်ပြောင်တင်းတင်းတော်လှန်ပြီး နိုင်ငံအရှေ့ခြမ်းရှိ စစ်တပ်အခြေစိုက်နေရာများကို အတိုက်အခံများက သိမ်းပိုက်ထားခဲ့သည်။ ကဒါဖီကို သစ္စာခံသောတပ်များက အတိုက်အခံတို့တပ်စွဲထားသော မြို့များကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားများကို အကာအကွယ်ပေးရန် ကုလသမဂ္ဂ အဆုံး အဖြတ်ဖြင့် ၂၀၁၁ မတ်လ ၁၇ ရက်မှစ၍ လစ်ဗျားတွင် မပျံသန်းရနယ်မြေများသတ်မှတ်ခဲ့သည်။ ကုလသမဂ္ဂဆုံးဖြတ်ချက်အရ ကဒါဖီတပ်များက အရပ်သားများကိုမြေပြင်ထိုးစစ်ဖြင့် တိုက်ခိုက်နေသော ကြောင့် လေကြောင်းမှ တိုက်ခိုက်ရန်အခွင့်ပေးခဲ့သည်။ ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်တို့ အဓိကဦး ဆောင်၍ ကဒါဖီစစ်ဘက်အဆောက်အဦးများ၊ လေတပ်အခြေစိုက်စခန်းများ၊ မြေပြင်တင့်ကားများကို လေကြောင်းမှ တိုက်ခိုက်ဖျက်စီးပစ်ခဲ့သည်။

ဆီးရီးယား

ဆီးရီးယားသည် ဘီစီ ၁၀ ၀၀၀ ခန့် ကျောက်ခေတ်သစ်ကတည်းကစတင်၍ ကမ္ဘာတွင် ပထမဦးဆုံး စိုက်ပျိုးရေး၊ ကျွဲ၊နွား မွေးမြူရေးတို့ကို လုပ်ကိုင်လာခဲ့သော ယဉ်ကျေးမှုအစဉ်အလာကြီးမားသော နိုင်ငံတစ် နိုင်ငံဖြစ်သည်။ ဘီစီ ၈၃ တွင် အာမေးနီးယန်းဘုရင် တိုက်ဂရာနိစ်လက်အောက်သို့ကျရောက်ခဲ့ပြီး ၁၃ ကြာမျှ ထိန်းချုပ်ခဲ့ကာ နောက်ဆုံး ဘီစီ ၆၄ ခန့်တွင် ရောမအင်ပါယာအတွင်း သက်ဆင်းခဲ့သည်။
အေဒီ ၆၄၀ ခန့်တွင် ခါလက် အစ်ဘင် အယ်-ဝါလစ် ဦးဆောင်သော ရာရှီဒါန် စစ်တပ်မှ သိမ်းပိုက်ခဲ့ပြီး အစ္စလာမ်ကမ္ဘာအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။
၁၅ ရာစုအကုန်တွင် ဥရောပမှ အရှေ့ဖျားသို့သွားလာသော ရေလမ်းခရီးကို တွေ့ရှိပြီးနောက် ဆီးရီးယားကိုဖြတ်၍ သွားလာရသောကုန်းတွင်းလမ်းကို အသုံးပြုခြင်းမရှိတော့ပေ။ မွန်ဂိုတို့ဖျက်ဆီး ခြင်းကို ခံရပြီးနောက် အော်တိုမန်အင်ပါယာအတွင်း အလွယ်တကူပင်ကျရောက်သွားခဲ့သည်။
မဟာမိတ်သံတမန်နှစ်ဦးဖြစ်သော ပြင်သစ်လူမျိုး ဖရန်ကိုစစ် ဂျော့-ပီကော့ နှင့် ဗြိတိသျှ မာ့ခ်စကိုက် တို့သည် ပထမကမ္ဘာစစ်ကြီးမဖြစ်ခင်အချိန်များစွာအကြာကာလကတည်းက အော်တိုမန် အင်ပါယာကို မည်သို့ အစိတ်စိတ်အမွှာမွှာပိုင်းပြီး၊ မည်သို့ သြဇာလွှမ်းမိုးရမည်ဆိုသည်ကို ကြိုတင် လျှို့ဝှက် ကြံစည်ခဲ့ကြသည်။ ပထမကမ္ဘာစစ်ကြီးပြီးဆုံးသွားသောအခါ အော်တိုမန်အင်ပါယာသည် ဂျာမဏီနှင့်မဟာ မိတ်အဖြစ်ဖြင့် နှိမ်နင်းခံခဲ့ရပြီး စံနစ်တကျစတင်ဖြိုခွဲလေတော့သည်။
၁၉၁၆ တွင် ချုပ်ဆိုသော စကိုက်-ပီကော့ သဘောတူညီချကဖြင့် အနောက်တောင်အာရှဒေသ အတွက် နောက်ရာစုနှစ်အတွင်း ကံကြမ္မာများကို ဖန်တီးခဲ့သည်။ ယင်းစာချုပ်အရ မြောက်ဘက်နယ်မြေများ ဖြစ်သော ဆီးရီးယားနှင့် နောက်ပိုင်း လက်ဘနွန်အဖြစ်ပေါ်ထွက်လာမည့် ဒေသများကို ပြင်သစ်ကရရှိခဲ့ပြီး တောင်ဘက် အီရတ်နှင့် နောက်ပိုင်း ပါလက်စတိုင်းနှင့် ဂျော်ဒန်တို့ အဖြစ်ပေါ်ထွက်လာမည့် နယ်မြေများကို ဗြိတိန်ကရရှိခဲ့သည်။ အဆိုပါနယ်မြေနှစ်ခုကို ဂျော်ဒန်မှ အီရန်အထိမျဉ်းဖြောင့်ဆွဲ၍ပိုင်းခြားခဲ့သည်။ ၁၉၂၀ မှစ၍ နိုင်ငံပေါင်းစုံအသင်းကြီး၏ ခွင့်ပြုခန့်အပ်ထားမှုဖြင့် ပြင်သစ်နှင့် ဗြိတိသျှပိုင်နယ်မြေများအဖြစ် နိုင်ငံတ ကာအသိအမှတ်ပြုခဲ့သည်။
၁၉၂၀ တွင် လွတ်လပ်သောဆီးရီးယားအာရပ်ဘုရင့်နိုင်ငံတော် ဟူ၍ ဖိုင်ဆယ်ဘုရင်၏ အုပ်ချုပ်မှု အောက်တွင် တည်ထောင်ခဲ့သည်။ ဖိုင်ဆယ်ဘုရင်သည်နောက်ပိုင်းတွင် အီရတ်ဘုရင်ဖြစ်ခဲ့သည်။ ဆီးရီးယားကို လအနည်းငယ်ကြာအုပ်စိုးပြီးနောက် ၎င်း၏ ဆီးရီးယားစစ်တပ်နှင့် ပြည်သစ် စစ်တပ်တို့ကြား မေဆာလွန်တိုက်ပွဲဖြစ်ပွားပြီး ပြင်သစ်တို့က တိုက်ပွဲတွင်အောင်မြင်ခဲ့သည်။ ထို့နောက် ဆန်ရီမိုညီလာခံတွင် နိုင်ငံပေါင်းချုပ်အသင်းကြီးက ဆီးရီးယားကို ပြင်သစ်သို့အုပ်ချုပ်ခွင့် အပ်နှင်းခဲ့သည်။
၁၉၅၂ တွင် ဆူလ်တန် ပါရှာ အယ်-အက်ထရက် ဦးဆောင်ပြီးပြင်သစ်တို့ကို တော်လှန်ခဲ့သည်။ တော်လှန်ရေးမှာပြင်းထန်ခဲ့ပြီး ပြင်သစ်တပ်နှင့် တော်လှန်ရေးသမားများကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား ခဲ့သည်။ ပထမပိုင်းတွင် တော်လှန်ရေးသမားများအရေးသာပြီး အောင်ပွဲအလီလီခံနိုင်ခဲ့သော်လည်း ပြင်သစ်က မော်ရိုကိုနှင့် ဆီနီဂေါမှ စစ်သားထောင်ပေါင်းများစွာကို ခေတ်မီလက်နက်များတပ်ဆင်စေလွှတ် ချေမှုန်းစေရာ တော်လှန်ရေးအရေးနိမ့်ပြီး ဆူလ်တန် အယ်-အက်ထရက်ကို သေဒဏ်ပေးခဲ့သည်။ သို့သော် ထွက်ပြေးလွတ်မြောက်သွားပြီး နောက်ပိုင်းအပြစ်မှ ခွင့်လွှတ်ခဲ့သည်။ ဆီးရီးယား-ပြင်သစ်လက်မှတ်ရေးထိုး ပြီးနောက် ၁၉၃၇ တွင် ဆီးရီးယားသို့ပြန်လည်ဝင်ရောက်လာရာ လူထုက တခဲနက်ကြိုဆိုခဲ့ကြသည်။
၁၉၃၆ စက်တင်ဘာတွင် ဆီးရီးယားနှင့်ပြင်သစ်တို့ လွတ်လပ်ရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီဘုရင် ဖိုင်ဆယ်လက်ထက်က ဝန်ကြီးချုပ်လုပ်ခဲ့သော ဟာရှင် အယ်-အာတာဆီ ကို ပထမဆုံးသမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့သည်။ သို့သော် လွတ်လပ်ရေးစာချုပ်ကို ပြင်သစ်တရားရေးက အတည်မပြုသဖြင့် အသက်ဝင်မလာခဲ့ပေ။
၁၉၄၁ တွင် ဆီးရီးယားက လွတ်လပ်ရေးအတွက် ထပ်မံတောင်းဆိုခဲ့သည်။ ၁၉၄၄ ဇန်နဝါရီလ ၁ ရက်နေ့တွင် လွတ်လပ်သောသမ္မတနိုင်ငံအဖြစ်အသိအမှတ်ပြုခဲ့သည်။ ဆီးရီးယား အမျိုးသားရေးဝါဒီများ နှင့် ဗြိတိသျတို့ဝိုင်းဝန်းဖိအားပေးမှုကြောင့် ၁၉၄၆ ဧပြီတွင် ပြင်သစ်တပ်များ ဆီးရီးယားမှထွက်ခွာသွားခဲ့ပြီး ရီပတ်ဘလီကန်အစိုးရ ဆီးရီးယားကို အုပ်ချုပ်ခဲ့သည်။
လွတ်လပ်ရေးကြေငြာပြီးနောက် စီးပွားရေးလျင်မြန်စွာတိုးတက်ခဲ့သော်လည်း ၁၉၆၀ ခုနှစ်များတွင် ဆီးရီးယားနိုင်ငံရေး မတည်ငြိမ်ခဲ့ပေ။ ၁၉၄၆ နှင့် ၁၉၅၆ ကြားတွင် အစိုးရဝန်ကြီးအဖွဲ့ ၂၀ ရှိခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ လေးခါ သီးခြားစီရေးဆွဲခဲ့ရသည်။ ၁၉၄၈ အာရပ်-အစ္စရေးစစ်ပွဲအတွင်း ဆီးရီးယားပါဝင်ခဲ့ သည်။ ၁၉၄၉ တွင် ကာနယ် ဟူစနီ အယ်-ဇာအင်မ် ကအာဏာသိမ်းယူခဲ့သည်။ ဒုတိယကမ္ဘာစစ်စတင်ချိန်မှ စ၍ အာရပ်ကမ္ဘာတွင် ပထမဦးဆုံးအဖြစ် စစ်တပ်အာဏာသိမ်းခြင်းဖြစ်သည်။ ထို့နောက်တစ်ဖန် ကာနယ် ဆာမီ အယ်-ဟင်နဝီ ကအာဏာထပ်မံသိမ်းယူခဲ့ပြီး ထိုနှစ်ထဲမှာပင် သူ့ထံမှ ကာနယ် အာဒစ် ရှီရှက်ခလီ ကတတိယ အကြိမ်မြောက်အဖြစ် အာဏာသိမ်းယူခဲ့ပြန်သည်။ ထို့နောက် ၁၉၅၁ တွင် ထပ်မံအာဏာသိမ်း ကာ သူ၏အုပ်ချုပ်မှုခိုင်မာစေပြီး ပါတီစုံစံနစ်ကို ကိုလည်းတဖြည်းဖြည်းဖျက်သိမ်းပစ်ခဲ့သည်။ ၁၉၅၄ တွင် သူကိုယ်တိုင်အာဏာအသိမ်းခံခဲ့ရပြီး ပါလီမန်စံနစ်ကိုပြန်လည်အသက်သွင်းခဲ့သည်။ သို့သော် ယင်းအချိန်ကလည်း အရပ်သားအုပ်ချုပ်ရေးမှာ နာမည်ကောင်းမရရှိဘဲ စစ်တပ်ကသာ အာဏာချုပ်ကိုင် ထားခြင်းသာလျှင် အသင့်လျော်ဆုံးဖြစ်သည်ဟု ထင်မှတ်နေခဲ့ကြသည်။ ပါလီမန်မှာအင်အားချိနဲ့လျက်ရှိပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်စွမ်းမရှိချေ။ ၁၉၅၆ဆူးအက်တူးမြောင်း ပြဿနာတွင် ဆိုင်းနိုင်းကျွန်း ဆွယ်သို့ အစ္စရေးတပ်များ ကျူးကျော်ဝင်ရောက်လာပြီး ပြင်သစ်နှင့် ဗြိတိန်တို့လည်းကျူးကျော်ဝင်ရောက် လာသောအခါ ဆီးရီးယားတွင် စစ်ဥပဒေထုတ်ပြန်ခဲ့သည်။
၁၉၅၆ တွင် ဆိုဗီယက်ယူနီယံနှင့် စာချုပ်တစ်ခုချုပ်ဆိုခဲ့ပြီး အစိုးရအတွင်း ကွန်မြူနစ်ဝါဒကို လက်ခံ ခဲ့ပြီး အပြန်အလှန်အားဖြင့် ဆိုဗီယက်မှ လေယာဉ်များ၊ တင့်ကားများနှင့် အခြားစစ်ဘက်ဆိုင်ရာအထောက် အပံ့များလက်ခံခဲ့သည်။ ဤသို့စစ်ရေးအရတောင့်တင်းလာမှုအပေါ် တူရကီက စိုးရိမ်မကင်းဖြစ်လာခဲ့သည်။ နှစ်ဘက်အငြင်းပွားနေသော အစ္စကန်ဒါရန်မြို့ကိုဆီးရီးယားက စစ်ရေးဖြင့်ပြန်လည်သိမ်းပိုက်သွားမည်ကို စိုးရိမ်ခြင်းဖြစ်သည်။ တူရကီက ဆီးရီးယားနယ်စပ်တွင် စစ်အင်အားအလုံးအရင်း ဖြင့် ချထားခြင်းအပေါ် လည်း ဆီးရီးယားနှင့် ဆိုဗီယက်ယူနီယံတို့က မကျေနပ်ချေ။ ထိုပြဿနာများကြားတွင် ဆီးရီးယားအစိုးရနှင့် စစ်တပ်တို့တွင် ကွန်မြူနစ်ဝါဒကြီးစိုးခဲ့သည်။ ၁၉၅၄ အာဏာသိမ်းမှုပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများ နှင့် ဆူးအက်တူးမြောင်းအရေးတွင် အီဂျစ်သမ္မတ ဂမေး နက်ဆာ၏ ဦးဆောင်မှုတို့ကြောင့် ဆီးရီးယားသည် အီဂျစ်နှင့်ပေါင်းစည်းရန် အကြောင်းဖန်လာခဲ့သည်။ ၁၉၅၈ ဖေဖေါ်ဝါရီ ၁ တွင် ဆီးရီးယားသမ္မတ ရှူကရီ အယ်-ခူဝက်တလီနှင့် အီဂျစ်သမ္မတ နက်ဆာတို့ပူးပေါင်း၍ အာရပ်သမ္မတပြည်ထောင်စု အဖြစ်ကြေငြာပြီး နှစ်နိုင်ငံပေါင်းစည်းခဲ့သည်။ သို့သော် ကြာရှည်မခံခဲ့ပေ။ ၁၉၆၁ စက်တင်ဘာ ၂၈ တွင် ဆီးရီးယား၌ အက် အယ်-ခါရင် အယ် နာလဝီ ဦးဆောင်သောစစ်တပ်မှ အာဏာသိမ်းသောအခါ အီဂျစ်မှ ခွဲထွက်ပြီး ဆီးရီးယားအာရပ်သမ္မတနိုင်ငံထူထောင်ခဲ့သည်။ သို့သော် နောက်ထပ် ၁၈ လအတွင်းမတည်ငြိမ်မှုများ ကြောင့် ၁၉၆၃ မတ်လ ၈ ရက်နေ့တွင် လက်ဝဲစွန်းတော်လှန်ရေးကောင်စီ(NCRC) ခေါ်ဆီးရီးယား စစ်တပ်ထိပ်သီးများက အာဏာသိမ်းယူခဲ့သည်။ ထို့နောက်၎င်းတို့က ပင်အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများအားလုံးကို ထိန်းချုပ်ထားခဲ့သည်။ အာဏာသိမ်းပွဲကို ညွှန်ကြားလမ်းပြခဲ့သော အာရပ်ပြန်လည် ရှင်ပြန်ထမြောက်ရေးပါတီ ခေါ် ဘားသ်ပါတီမှ ဝင်များဝန်ကြီးအဖွဲ့တွင်နေရာရခဲ့သည်။
ဟာဖက်ဇ် အယ်-အာဆက် အာဏာရလာသောအခါ အစိုးရတွင်းအခြေခံအဖွဲ့အစည်းများကို လျှင်မြန်စွာဖွဲ့စည်းခဲ့ပြီး ထိန်းချုပ်နိုင်စွမ်းအားကို ခိုင်မာစေခဲ့သည်။ အာဆက်၏ အာရပ်ဘာ့သ်ဆိုရှယ်လစ် ပါတီ တိုင်းဒေသဌာနချုပ်မှ ဥပဒေပြုလွှတ်တော်တွင် အမတ် ၁၇၃ နေရာရရှိခဲ့သည်။ ပြည်သူ့လွှတ်တော် တွင် ၈၇ နေရာရှိခဲ့သည်။ အခြားနေရာများကို ကျန်သောပါတီများခွဲဝေရရှိခဲ့သည်။ ၁၉၇၁ မတ်လတွင် ဘာ့သ်ပါတီက ဒေသဆိုင်ရာညီလာခံများကျင်းပပြီး အဖွဲ့ဝင် ၂၁ ဦးပါဝင်၍အာဆက်ဦးစီးသော ဒေသဆိုင် ဦးစီးများရွေးချယ်တင်မြှောက်ခဲ့သည်။ ထိုလတွင်းမှာပင် အာဆက်သမ္မတသက်တမ်း ၇ နှစ်ထမ်းဆောင်ရေး အတည်ပြုနိုင်ရန် လူထုဆန္ဒခံယူပွဲတစ်ရပ်ကျင်းပခဲ့သည်။ အစိုးရကို အခြေခိုင်စေရန် ၁၉၇၂ မတ်လတွင် ဘာ့သ်ပါတီဦးဆောင်၍ကျန်ပါတီများညွန့်ပေါင်းပါဝင်သော အမျိုးသားတိုးတက်ရေးတပ်ဦးကို ဖွဲ့စည်းခဲ့ သည်။ ပြည်နယ် ၁၄ ခုရှိ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းရန်အတွက် ရွေးကောက်ပွဲများကျင်းပခဲ့သည်။ ၁၉၇၃ မတ်လတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ် စတင်အသက်ဝင်ခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဆီးရီးယားသည် လောကီအစိုးရတစ်ရပ်ဖြင့် အုပ်ချုပ်ပြီး အစ္စလာမ်ဘာသာကို အများစု ကိုးကွယ်သောဘာသာအဖြစ်အသိအမှတ်ပြုခဲ့သည်။
၁၉၇၃ တွင် အစ္စရေးလ်က ဂိုလန်ကုန်းမြင့်ကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၁၉၆၇ ခုနှစ်က သတ်မှတ်ထားသော နယ်နိမိတ်ကိုပင်ကျော်လွန်ကာ ဝင်ရောက်လာခဲ့သည်။
၁၉၇၆ အစောပိုင်းတွင် လက်ဘနွန်ပြည်တွင်းစစ်ပေါ်ပေါက်လာသောအခါ လက်ဘနွန် မာရွန်နိတ် ခရစ်ယာန်အစိုးရ၏ တောင်းဆိုချက်ကို အာရပ်အဖွဲ့ချုပ်၏သဘောတူညီမှုဖြင့် ဆီးရီးယားက စစ်တပ်အင် အား ၄၀ ၀၀၀ ပို့ဆောင်ပေးခဲ့သည်။
၂၀၀၀ ဇွန်လ ၁၀ ရက်နေ့တွင် အနှစ်သုံးဆယ်နိုင်ငံကို အုပ်ချုပ်ပြီးနောက် သမ္မတ အယ်-အာဆက် ကွယ်လွန်ခဲ့သည်။ သမ္မတ အယ်-အာဆက်သေဆုံးသည်နှင့်တပြိုင်နက် ပါလီမန်က အခြေခံဥပဒေတွင် သမ္မတတာဝန်ယူရမည့်ကာလကို အနှစ် ၄၀ မှ ၃၄ နှစ်အထိပြောင်းလဲရေးဆွဲခဲ့သည်။ အာဏာရဘာ့သ်ပါတီ က အယ်-အာဆက်၏ သားဖြစ်သူ ဘာရှာ အယ်-အာဆက်ကို သမ္မတလောင်းအဖြစ်ရွေးချယ်ခဲ့ပြီး ၂၀၀၀ ဇူလိုင် ၁၀ ရက်နေ့တွင် ပြည်လုံးကျွန်ဆန္ဒခံယူပွဲကျင်းပကာ ပြိုင်ဘက်မရှိ မဲအရေအတွက် ၉၇.၂၉ % ဖြင့် သမ္မတဖြစ်လာခဲ့သည်။
၂၀၀၀ နွေရာသီတွင် ဒမားစကတ်မြို့တော်၌ ဒီမိုကရေစီလှုပ်ရှားမှုများပေါ်ပေါက်လာပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတောင်းဆိုခဲ့သည်။ ၂၀၀၁ ဆောင်းဦးပေါက်တွင် ၎င်းလှုပ်ရှားသူများကိုနှိပ်ကွပ် ခဲ့ပြီး ပညာတတ်ခေါင်းဆောင်အချို့ကိုထောင်ချခဲ့သည်။ ယင်းလှုပ်ရှားမှုမှာ ၆ လခန့်သာကြာမြင့်ခဲ့သော် လည်း နိုင်ငံရေးဆွေးနွေးမှုများ၊ လူ့အဖွဲ့အစည်းတွင်းပြောဆိုဆွေးနွေးမှုများ ပြင်းထန်စွာ လှုပ်ရှားဖြစ်ပေါ်ခဲ့ သည်။
နှစ်များစွာအတွင်း အစိုးရက အင်တာနက်ဆင်ဆာများပြုလုပ်ခဲ့ပြီး အင်တာနက်သုံးစွဲသူများ ကိုမှတ်တမ်းတင်ထားရန် အင်တာနက်ဆိုင်များကို ဖိအားပေးခဲ့သည်။ အနောက်တိုင်းတေးဂီတများကဲ့သို့ သောရေဒီယိုအစီအစဉ်များကို ခွင့်ပြုထားသော်လည်း ဝီကီပီဒီးယား၊ ယူကျု၊ ဖေ့စ်ဘွတ်နှင့် အမေဇုန် စသည့် အင်တာနက်စာမျက်နှာများကို ပိတ်ဆို့ထားခဲ့သည်။
၂၀၀၃ အောက်တိုဘာ ၅ တွင် ဒမားစကတ်အနီး နေရာတစ်ခုကို အစ္စလာမ်ဂျီဟက်အဖွဲ့ဝင် များကို အကြမ်းဖက်သင်တန်းများပေးနေသည်ဟူသော စွပ်စွဲချက်ဖြင့် အစ္စရေးလ်ကဗုံးကြဲခဲ့သည်။ ယင်းကို လက်တုံ့ပြန်သောအားဖြင့် အစ္စရေးလ်မြို့ဖြစ်သော ဟိုင်ဖာမြို့စားသောက်ဆိုင်တစ်ဆိုင်တွင် ဗုံးခွဲခံရသဖြင့် ၁၉ ဦးသေဆုံးခဲ့သည်။ အစ္စလာမ်ဂျီဟက်အဖွဲ့က အစ္စရေးတို့ဗုံးကြဲခဲ့သောစခန်းကို အသုံးပြုခြင်းမရှိတော့ ကြောင်းပြောဆိုခဲ့ပြီး သေဆုံးသူများမှာ အရပ်သားများဖြစ်ကြောင်း ဆီးရီးယားကဆိုသည်။
ဆီးရီးယားသည် အီရန်နှင့်အနီးကပ်ဆက်ဆံခဲ့သည်။ ၂၀၀၇ စက်တင်ဘာ ၆ ရက်နေ့တွင် မြောက် ကိုရီးယားပညာရှင်များဦးစီးလုပ်ဆောင်နေသည်ဟု သံသယရှိသောနျူကလီးယားဓါတ်ပေါင်းဖိုကို အစ္စရေး ကဗုံးကြဲခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် တူရကီ၏စေ့စပ်ညှိနှိုင်းမှုဖြင့် ဆီးရီးယားနှင့် အစ္စရေးတို့ ငြိမ်းချမ်းရေးစာ ချုပ်ချုပ်ဆိုရန်ဆွေးနွေးနေကြောင်း သမ္မတအာဆက်က ကာတာရီသတင်းစာသို့ ပြောကြားခဲ့သည်။ ဂိုလန် ကုန်းမြင့်ဒေသအရေးမှာ အဓိက ပြဿနာဖြစ်နေပြီး အာဆက်က အမေရိကန်ပြည်ထောင်စုကို အပြစ်တင် ပြောဆိုခဲ့သည်။
၂၀၁၁ မတ်လ ၁၈ ရက်နေ့တွင် ဆီးရီးယား၌ လူထုအုံကြွမှုပေါ်ပေါက်လာခဲ့သည်။ နိုင်ငံအဝှမ်း လမ်းမများပေါ်ထွက်လာကြပြီး ဆန္ဒပြခဲ့ကြသည်။ အစိုးရက ပစ်ခတ်နှိမ်နင်းရာတွင် သေကြေဒဏ်ရာရ မှု များစွာရှိခဲ့သည်။

Saturday, 5 February 2011

HRDP မှ နွေရာသီ ကွန်ပျူတာနှင့် အင်္ဂလိပ်စာတန်းများ ဖွင့်မည်

HRDP မဲဆောက်မှ 2011 နွေရာသီကျောင်းပိတ်ရက်များအတွင်း ကွန်ပျူတာနှင့် အင်္ဂလိပ်စာ သင်တန်းများဖွင့်လစ်မည် ဖြစ်ပါသည်

Friday, 23 July 2010

Network ရဲ့ အသုံးဝင် Command

ညီကိုတို့ Network နဲ့ပတ်သက်ပြီ အခြေခံ Command တွေကိုနည်းနည်းပြောပြချင်ပါတယ် အသုံးဝင်လိမ့်မယ်လို့လဲ ထင်မိလို့ပါ။ Start >> Run >> cmd ထဲမှာ ရိုက်ရမှာပါ။ မြန်မာလို ထပ်ရှင်းစရာ မလိုဘူးလို့ထ င်ပါတယ်။ ဒီတိုင်းရှင်းလို့ဖြစ်ပါတယ်။

* mstsc - Brings up a Remote Desktop connection box
* ipconfig - Shows your computer ip configuration
* ncpa.cpl - Network Connections
* netsetup.cpl - Network Setup Wizard
* Cfgwiz32 - ISDN Configuration Wizard
* fsquirt - Bluetooth wizard
* netsetup - Network setup wizard
* rasphone - Dial up networking wizard
* \\10.0.0.1 - It will display the shared files on another computer on your network (replace 10.0.0.1 with the IP address of the computer you want to access.)
* \\mitz - It will display the shared files on another computer on your network (replace mitz with the name of the computer you want to access.)
* fsmgmt.msc - Views your computers shared folders

Thursday, 22 July 2010

GOOGLE QUEUES

အမည် = GOOGLE QUEUES


လိပ်စာ = http://www.gqueues.com/


အကြောင်းအရာ = google task manager

မိမိကွန်ပျူတာကို ခိုးသုံးသူကိုဖမ်းနည်း

ညီကိုတို့ ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိချင်နေကြမှာပဲနော်။ ဒီနေရာမှာ ညီကိုတို့က ပြောလိမ့်မယ် Run ကနေ Recent လို့ ရိုက်ပြီ ဘာတွေ ဖွင့်လဲဆိုတာ ကြည့်မှာပေါ့လို့။ မှန်ပါတယ် ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင် ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်ပါဘူး။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။

1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာ နေ့ရက် အချိန်နာရီတွေကို တွေ့နိုင်ပါတယ်။ ကျန်တဲ့ Tool တွေကို ကိုယ်တိုင်းလေ့လာကြည့်ပါ.။ ကျွန်တော် Thinking လေးဘဲ ချပြတာပါ။ ဒီ command က ဒါတွေ လုပ်ဆောင်တယ်လို့ ပြောပြီသွားပါပြီး။ ဒီထပ် ပိုလေ့လာရမှာက ညီကိုတို့ ကိုယ်တိုင်သာ ဖြစ်ပါတယ်နော်..။

ProShow Gold



ဒီဆော့ဝဲရ်လေးကတော့ ညီကိုတို့ရဲ့ ဓါတ်ပုံများကို movie တစ်ခုအဖြစ် ဖန်တီးတဲ့နေရာမှာ လွယ်ကူစွာ ဖန်တီးနိုင်ဖို့ပါ.. စမ်းကြည့်လိုက်ပါဦးနော်...

ကဲ ဒီမှာပဲ ဆွဲလိုက်ရအောင်နော်... Download

Thursday, 8 July 2010

ယီမင် (Yemen)



နောက်ခံသမိုင်းအကျဉ်း။ ။
၁၉၁၉ တွင် အော်တိုမန်အင်ပါယာမှ မြောက်ပိုင်းယီမင် လွတ်လပ်ရေးရခဲ့သည်။ ၁၉ ရာစုတွင် အေဒင်ဆိပ် ကမ်းတောင်ဘက်တဝိုက်တွင် ဗြိတိသျှတို့သြဇာခံနယ်မြေတည်ထောင်ခဲ့သည်။ ၁၉၆၇ တွင် ပြန်လည် ရုပ်သိမ်းခဲ့ပြီး တောင်ပိုင်းယီမင်ဟူ၍ဖြစ်လာခဲ့သည်။ ထို့နောက် သုံးနှစ်အကြာတွင် တောင်ပိုင်းယီမင် အစိုးရသည် မာ့ခ်စ် ဝါဒကို ကျင့်သုံးခဲ့သည်။ ထို့ကြောင့် လူအများအပြား မြောက်ပိုင်းယီမင်သို့ ထွက်ပြေးခိုလှုံခဲ့ကြပြီး တောင်နှင့် မြောက် အစိုးရ တို့ကြားနှစ်ပေါင်းနှစ်ဆယ်မျှကြာအောင် တင်းမာမှုများဖြစ်ပွားခဲ့ကြသည်။ ၁၉၉၀ တွင်ယီမင် သမ္မတနိုင်ငံအဖြစ် နှစ် ပြည်ထောင်ပူးပေါင်းခဲ့ကြသည်။ တောင်ပိုင်းခွဲထွက်ရေးသူပုန်များကို ၁၉၉၄ တွင် နှိမ်နင်းနိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် တွင်ဆော်ဒီအာရေးဗျနှင့် ယီမင်တို့ နယ်နိမိတ်သတ်မှတ်ခဲ့ကြသည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အရှေ့အလယ်ပိုင်း။ အာရေးဗီးယန်း ပင်လယ်၊ အေဒင်ပင်လယ်ကွေ့၊ ပင်လယ်နီတို့နှင့် ထိစပ်။
အိုမန်နှင့် ဆော်ဒီအာရေးဗျနိုင်ငံများကြား
မြေပုံအညွှန်း။ အရှေ့အလယ်ပိုင်း
ဧရိယာ။ ကုန်းမြေ = ၅၂၇ ၉၆၈ sq km
ရေ = ၀ sq km
စုစုပေါင်း = ၅၂၇ ၉၆၈ sq km
ထိစပ်နယ်မြေ။ အိုမန် ၂၈၈ km။ ဆော်ဒီအာရေဗျ ၁၄၅၈ km
ကမ်းရိုးတန်း။ ၁၉၀၆ km
ရာသီဥတု။ အများအားဖြင့် ကန္တာရဆန်သောရာသီဥတု။ အနောက်ဘက်ကမ်းရိုးတန်းတလျှောက် ပူ၍စိုစွတ်သော
ရာသီဥတု။ ရာသီလိုက်မုတ်သုံရာသီဝင်ရောက်မှုကြောင့် အနောက်ဘက်တောင်များတွင် အပူအအေး
မျှတ။ အရှေ့ဘက်တွင် အလွန်ပူပြင်း၊ ခြောက်သွေ့ပြင်းထန်သော ကန္တာရရာသီဥတု။
မြေမျက်နှာသွင်ပြင်။ ကျဉ်းမြောင်းသောကမ်းရိုးတန်း မြေပြန့်နှင့် မျက်နှာပြင်ပြန့်သောတောင်ကုန်းများ၊ ကြမ်းတမ်း
သော တောင်များရှိ။ အလယ်ပိုင်းရှိပြတ်တောင်းသောကန္တာရမြေပြန့်မှာအာရေဗီယန်ကျွန်းဆွယ်
အတွင်းပိုင်းသို့ နိမ့်ဆင်းသွား
မျက်နှာပြင် အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ အာရေဗီယန်ပင်လယ် = ၀ m
အမြင့်ဆုံးအပိုင်း။ ဂျာဘယ်အန်နာဘီ ရှုးအိုက် = ၃၆၆၇ m
သဘာဝအရင်းအမြစ်။ ရေနံ။ ငါး။ ကျောက်ဆား။ ကျောက်မီးသွေးအနည်းငယ်။ ရွှေ။ ခဲ။ နီကယ်။ ကြေးနီ။
အနောက်ဘက်တွင် မြေသြဇာကောင်းမွန်သောမြေ။

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၂၃ ၄၉၅ ၉၆၈ ဦးရေ (၂၀၁၀)
လူဦးရေများပြားမှုကမ္ဘာ့အဆင့်။ ၄၈
လူဦးရေတိုးနှုန်း။ ၂.၇၁၃% (၂၀၁၀)
မွေးဖွားနှုန်း။ ၃၄.၃၇/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၇.၂၄/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၆၁.၃၅ နှစ်
မ = ၆၅.၄၇ နှစ်
စုစုပေါင်း = ၆၃.၃၆ နှစ် (၂၀၁၀)
လူမျိုး။ ယီမင်
တိုင်းရင်းသားလူမျိုး။ အာရပ် အများစု။ အာရပ်-အာဖရိကန်။ အရှေ့တောင်အာရှသား။ ဥရောပသား
ကိုးကွယ်မှု။ ရှာဖီ (ဆွန်နီ) မွတ်စလင်။ ဇေဒီ (ရှီးအိုက်)။ ဂျူး၊ ခရစ်ယာန်၊ ဟိန္ဒူ ဘာသာဝင် အနည်းအကျဉ်း
ဘာသာစကား။ အာရပ်
မြို့တော်။ ဆာနား (Sanaa)

Share

Twitter Delicious Facebook Digg Stumbleupon Favorites