Saturday, 20 February 2010

Political Science Part (46)

ဆွစ်ဇာလန်နိုင်ငံ

နိုင်ငံအမျိုးအစား
ဆွစ်ဇာလန်နိုင်ငံသည် ကင်တွန် (Canton) ခေါ်ပြည်နယ်ပေါင်း ၂၂ ပြည်နယ်တို့ကို စုပေါင်းထားသော ပြည်ထောင်စု နိုင်ငံဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အရေးသား သတ်မှတ်ထားသော အချုပ်အခြာအာဏာများကို ဗဟိုအစိုးရလက်ထက်တွင် ထားရှိပြီး ရေးသားသတ်မှတ်ထားခြင်း မရှိသော ကျန်အာဏာများကို ပြည်နယ်တို့၏ လက်ထဲတွင် ထားရှိသောကြောင့် ဆွစ်ဇာလန်နိုင်ငံသည် ပြည်ထောင်စုစစ်စစ် နိုင်ငံပင် ဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ဆွစ်ဇာလန်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ ခြေခံဥပဒေသည် ပြင်ဆင်ရန် ခက်ခဲသည့် မှတ်တမ်းတင်ထားသော ဥပဒေများဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများကို ပြည်သူ့ဆန္ဒကောက်ခံခြင်း (Referendum) မပြုလုပ်ဘဲ ပြင်ဆင်ခြင်း မပြုကြပေ။ နိုင်ငံသား ၅၀၀၀၀ (ငါးသောင်း) တို့က ပြည်သူ့ဆန္ဒတင်ပြခြင်း (Initiative) ပြုသောအခါများတွင်လည်း ဥပဒေကို ပြင်ဆင်ကြသည်။

ကိုယ်စားလှယ်အမတ်များရွေးချယ်ပုံ
ကမ္ဘာပေါ်တွင် မိန်းမများမဲဆန္ဒပေးခွင့် မပြုသောနိုင်ငံမှာ ဆွစ်ဇာလန်နိုင်ငံပင် ဖြစ်သည်။ အသက် ၁၈ နှစ် ပြည့်သော ယောကျာင်္းများသာ မဲဆန္ဒပေးခွင့်ရရှိကြသည်။

အချိုးကျကိုယ်စားလှယ် ရွေးချယ်စနစ် (Propotional Representative) ကို အသုံးပြုသည်။ နိုင်ငံသာ ၂၄၀၀၀ လောက်တွင် ကိုယ်စားလှယ် တစ်ယောက်ကျ ရွေးကောက်တင်မြှောက်ကြသည်။

ဥပဒေပြုဌာန
လွှတ်တော်နှစ်ခုထားရှိသောစနစ်ကို အသုံးပြုသည်။ အောက်လွှတ်တော်ကို အမျိုးသား ကောင်စီ (National Council) ဟူ၍ ခေါ်ဆိုကြပြီး ၄င်းလွှတ်တော်တွင် အမတ်ပေါင်း ၂၀၀ခန့် ပါဝင်ပြီး ၄င်းတို့၏ အမတ်သက်တမ်းမှာ ၄ နှစ် ဖြစ်သည်။ ဘဏ္ဍာရေး ဥပဒေများမှအစ ဥပဒေပြုအာဏာကို အောက်လွှတ်တော်ကသာ ကြိုးကိုင်ထားသည်။

အထက်လွှတ်တော်ကို နိုင်ငံတော်ကောင်စီ (Council of State) ဟူ၍ ခေါ်ဆိုသည်။ ၄င်းလွှတ်တော်ကို ပြည်နယ် ၂၂နယ်တို့မှ အမတ်ပေါင်း ၄၄ ယောက်ဖြင့် ဖွဲ့စည်းထားသည်။ သို့ရာတွင် ပြည်နယ်တစ်နယ်မှ ကိုယ်စားလှယ်အမတ် နှစ်ဦးကျစီသာတူညီမျှ ရွေးကောက်တင်မြှောက်၍ ဖွဲ့စည်းထားခြင်း မဟုတ်ပေ။ ငယ်သော ၆ပြည်နယ်တို့မှ ပြည်နယ်တစ်ခုတွင် အမတ်တစ်ဦးကျစီသာ ရွေးကောက်ခွင့်ရရှိကြသည်။

အထက်လွှတ်တော်အတွက် အမတ်များကို တစ်ချို့ ပြည်နယ်တွင် ရွေးကောက်တင်မြှောက်၍ တစ်ချို့ ပြည်နယ်တွင်မူ ဆိုင်ရာအစိုးရက ခန့်အပ်စေလွှတ်သည်။ ၄င်းတို့၏ အမတ်သက်တမ်းမှာလည်း ပြည်နယ်တစ်ခုနှင့် ပြည်နယ်တစ်ခု မတူညီကြချေ။

အထက်လွှတ်တော်၏ အာဏာမှာအောက်လွှတ်တော်၏ အာဏာနှင့်ညီမျှသည်။ ဆွစ်ဇာလန်နိုင်ငံသည် ပြည်နယ်ထောင်စုနိုင်ငံစစ် သော်လည်း အထက်လွှတ်တော်သည် အမေရိကန်အထက်လွှတ်တော်ကဲ့သို့ အုပ်ချုပ်ရေးဌာနကို ကြိုးကိုင်နိုင်ခွင့် မရှိပေ။ ထို့ပြင်ပြည်နယ်များ၏ အခွင့်အရေးများကိုလည်း ကာကွယ်နိုင်ခွင့် မရှိသောကြောင့် ဆွစ်ဇာလန်အထက်လွှတ်တော်သည် တန်ခိုးကြီးသော လွှတ်တော်တစ်ခုမဟုတ်ပေ။ ဥပဒေရေးရာနှင့် စပ်လျဉ်း၍ တိုင်းသူပြည်သား မဲဆန္ဒရှင်တို့၏ မဲဆန္ဒရှင်တို့၏ မည်သည့်ပြင်ဆင်ချက်ကိုမျှ သဘောဆန္ဒမပါဘဲ မပြုနိုင်သောကြောင့် အထက်လွှတ်တော် တန်ခိုးကြီးရန်မလိုအပ်ပေ။

အုပ်ချုပ်ရေးဌာန
ဆွစ်ဇာလန်အုပ်ချုပ်အဖွဲ့ (၀ါ) အစိုးရအဖွဲ့ကို ဆွစ်ဇာလန် ဥပဒေပြုအဖွဲ့က ရွေးကောက်တင်မြှောက်အဖွဲ့က ရွေးကောက်တင်မြှောက်ရသည်။ သို့ရာတွင် ဥပဒေပြုအဖွဲ့သည် ၄င်းတင်မြှောက်သော အစိုးရအဖွဲ့ကို ဖျက်သိမ်းခွင့် မရှိသောကြောင့် ဆွစ်ဇာလန် အုပ်ချုပ်ရေးစနစ်ကို ဥပဒေပြုအဖွဲ့က ရွေးချယ်တင်မြှောက်ရသည့် မြဲသော အုပ်ချုပ်ရေး (Fixed Executive) ဟူ၍ ယူဆရပေမည်။

ဥပဒေပြုဌာနက ၇ဦး ပါဝင်သော အုပ်ချုပ်ရေးအဖွဲ့ကို ရွေးကောက်တင်မြှောက်ရ၏။ ၄င်းအုပ်ချုပ်ရေးအဖွဲ့ကို ပြည်ထောင်စုကောင်စီ (Federal Council) ဟူ၍ ခေါ်ပြီး ၄င်းကောင်စီအုပ်ချုပ်ရေးအရာရှိ ၇ဦး၏ ရာထူးသက်တမ်းမှာ ၄နှစ်ဖြစ်သည်။ သို့ရာတွင် သက်တမ်းစေ့တိုင်း ပြန်လည်၍ ယှဉ်ပြိုင်အရွေးခံခွင့်ရှိသည်။ အုပ်ချုပ်ရေးအရာရှိ ၇ဦးအနက် သမ္မတအပြင် ၀န်ကြီးချုပ်နှင့် အဆင့်အတန်းညီမျှသော ချန်စီလာ (Charncellor) တစ်ယောက်ကိုလည်း ရွေးကောက်တင်မြှောက်၍ တိုင်းပြည်ကို အုပ်ချုပ်သည်။ တစ်နည်းအားဖြင့် ပုဂ္ဂိုလ် ၇ ဦးပါဝင်သော "ပြည်ထောင်စုကောင်စီ" ခေါ် အစိုးရအဖွဲ့ဖြင့် တိုင်းပြည်ကိုအုပ်ချုပ်ခြင်းပင် ဖြစ်သည်။

တရားစီရင်ရေးဌာန
ပြည်ထောင်စုတရားရုံးချုပ်အတွက် တရားသူကြီး ၃၀ကျော်ကို ပြည်ထောင်စု ဥပဒေပြုအဖွဲ့က ရွေးကောက်တင်မြှောက်သည်။ တရားသူကြီးတို့၏ တရားသူကြီးအဖြစ် သက်တမ်း ၆နှစ်ဖြစ်၏။ ၄င်းပြည်ထောင်စု တရားရုံးချုပ်မှာ "နောက်ဆုံးအယူခံဝင်ရာ တရားရုံးချုပ်ပင်ဖြစ်သည်။ ၄င်းတရားရုံးချုပ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကိုးကားကိုင်စွဲနိုင်ခွင့် ရှိသော်လည်း ၄င်း၏ဆုံးဖြတ်ချက်များကို ပြည်ထောင်စု ဥပဒေပြုအဖွဲ့က ပယ်ဖျက်နိုင်သည်။ ထို့ကြောင့် ပြည်နယ်တို့၏ အခွင့်အရေးများကို ထိပါးနိုင်သည်ဟု ထင်ရသည်။ သို့ရာတွင် ပြည်သူတို့သည် အစိုးရကို တိုက်ရိုက်ကြိုးကိုင်နိုင်သောစနစ် (Direct Democratic Checks) ကို အသုံးပြုသောကြောင့် ပြည်နယ်များအနေဖြင့် လုံခြုံမှုရရှိကြပေသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites