Friday, 19 February 2010

Political Science Part (1)

နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၁)

အခြေခံနိုင်ငံရေး သိပ္ပံအား တင်ပြသွားပြီးဖြစ်၍ ယခုမှစ၍ အဆင့်မြင့် နိုင်ငံရေး သိပ္ပံအား တင်ဆက်ဖော်ပြသွားမည်ဖြစ်သည်။

ပထ၀ီနိုင်ငံရေး
ပထ၀ီနိုင်ငံရေးဆိုသည်မှာ နိုင်ငံတခု၊ ဒေသတခုအပေါ် ပထ၀ီဝင် အခြေအနေများ၊ သမိုင်းနောက်ခံအခြေအနေများ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး အစရှိသည်အားဖြင့်လည်းကောင်း နိုင်ငံတကာ အခြေအနေ အရပ်ရပ်တို့အပေါ်၌ လည်းကောင်း လေ့လာသုတေသနပြုသော ပညာရပ်ဖြစ်၏။


၁။နိုင်ငံ
နိုင်ငံဆိုသည်မှာ လူသားတို့၏ အဖွဲ့အစည်းတခုသာဖြစ်၏။ ကမ္ဘာဦးမိသားစု အစုအဝေးများမှအစပြု၍ အဖွဲ့အစည်း၊ အသင်းအပင်း များစွာရှိပြီး ၎င်းအသင်းအပင်းများ၏ ဖွဲ့စည်းပုံမှာလည်း ယေဘူယျအားဖြင့် တူညီကြပေသည်။

အောက်ဖေါ်ပြပါ အင်္ဂါရပ်များကို လေ့လာပါက လူ့အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံမှာ အခြေခံအားဖြင့် တူညီကြောင်းတွေ့ရှိ ပေလိမ့်မည်။

၁။အသင်းသားများ (အဖွဲ့ဝင်များ)
၂။ အသင်းတည်နေရာ
၃။ အမှုဆောင်အဖွဲ့
၎။ အသင်းစည်းမျဉ်းများ တို့ဖြစ်ပါသည်။

လူ့အဖွဲ့အစည်း အသင်းအပင်းများသည် အထက်ပါအတိုင်း အခြေခံအားဖြင့် တူညီကြသော်လည်း ရည်ရွယ်ချက်များမှာမူကား တခုနှင့်တခု တသင်းနှင့်တသင်း တူညီခြင်းမရှိကြပေ။

ဥပမာအားဖြင့် ဘာသာရေးအတွက် ဖွဲ့စည်းထားသော အသင်းများရှိသကဲ့သို့ ပညာရေး၊ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး လုပ်ငန်းများအတွက် ရည်ရွယ်၍ဖွဲ့စည်းထားသော နိုင်ငံများလည်း ရှိပေ၏။

နိုင်ငံတွင်မူ အခြားသောအသင်းအဖွဲ့များနှင့်မတူသော အချုပ်အခြာအာဏာ ဟူသောလဏ္ခာတရပ်ရှိပါ၏။ ထို့ကြောင့်ပင် လူသားတို့သည် ရှေးသဘာဝနိုင်ငံများခေတ်က ကဲ့သို့ လုံခြုံမှုကင်းမဲ့၍ ကျိးလန့်စာ စားရသောဘ၀အခြေအနေမျိုးမှ ရုန်းထွက်လာနိုင်ခဲ့ ခြင်းဖြစ်ပေသည်။

၂။ နိုင်ငံတွင်ရှိသော အင်္ဂါရပ်များ
နိုင်ငံတနိုင်ငံတွင် ရှိသော အင်္ဂါရပ်များမှာ…
၁။ နိုင်ငံသား
၂။ တိကျသောနယ်နမိတ်
၃။ အစိုးရ
၎။ အချုပ်အခြာအာဏာ စသည်တို့ဖြစ်ပေသည်။

အဖွဲ့အစည်းအသင်းတခုတွင် အသင်းဝင်များ မရှိလျှင် အသင်းအင်္ဂါနှင့်မပြည်စုံ သကဲ့သို့ နိုင်ငံတနိုင်ငံတွင်လည်း နိုင်ငံသားမရှိ လျှင် အဓိပ္ပါယ်မရှိဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် နိုင်ငံတိုင်းတွင် နိုင်ငံသားရှိရပါမည်။ လူမရှိသောနယ်မြေတခုအား နိုင်ငံဟူ၍ မဆိုအပ်ပေ။

ခန္ဓာမရှိလျှင် လူမရှိနိုင်သကဲ့သို့ တိကျစွာသတ်မှတ်ထားသော နယ်မြေမရှိလျှင် နိုင်ငံမရှိနိုင်ပေ။ နိုင်ငံသားတို့နေထိုင် လုပ်ကိုင် စားသောက်နိုင်ရန် တိကျသောနယ်နမိတ် မြေဧရိယာ ရှိရပါမည်။ တိကျသော နယ်မြေရှိခြင်းဖြင့် နယ်နမိတ်နှင့်စပ်လျှင်း၍၎င်း၊ နိုင်ငံ အချင်းချင်း အငြင်းပွါးမှုများ ပဋိပက္ခများဖြစ်ပွါးမှုမှကင်းဝေး၍ နိုင်ငံတော်အစိုးရအနေဖြင့်လည်း မိမိတို့တန်ခိုးသြဇာအာဏာ ပြန့်နှံရာ ဒေသကို လွယ်ကူစွာ သိရှိနိုင်မည်ဖြစ်ပါသည်။


အစိုးရအဖွဲ့မှာလည်း နိုင်ငံတိုင်းတွင် မရှိမဖြစ်လိုအပ်သော အင်္ဂါရပ်တခုဖြစ်၏။ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသား တို့၏ ပညာရေး၊ လူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေးအစရှိသည်အားဖြင့် စည်ပင်တိုးတတ်ရန် တာဝန်မှာ အစိုးရ၏တာဝန်ဖြစ်၏။ အစိုးရသည် ၎င်း၏တာဝန်ကျေပြွန်ရန်အတွက် အောက်ဖေါ်ပြပါ လုပ်ငန်းသုံးခုအား မဖြစ်မနေပြုလုပ်ရပါ၏။

၁. ဥပဒေပြုရေး (Legislature)
၂။ အုပ်ချုပ်ရေး (Executive)
၃။ တရားစီရင်ရေး (Judiciary) စသည်တို့ဖြစ်၏။

ဥပဒေပြုခြင်းကို ဥပဒေပြုဌာနမှ ဆောင်ရွက်၍ ၎င်းဥပဒေများအရတိုင်း နိုင်ငံအုပ်ချုပ်ရေးကို အုပ်ချုပ်ရေးဌာနမှ ဆောင်ရွက်ရ၏။ ဥပဒေဖေါက်ဖျက်မှုများကို တရားစီရင်ရေးဌာနမှ စစ်ဆေးဆောင်ရွက်ပြီး အပြစ်ရှိ/ မရှိ ဆုံးဖြတ်စေပါ၏။

အချုပ်အခြာအာဏာသည် နိုင်ငံတိုင်း၌ မရှိမဖြစ်သော အင်္ဂါရပ်ဖြစ်သည်။ အချုပ်အခြာအာဏာဆိုသည်မှာ နိုင်ငံတွင်းရှိ နိုင်ငံသားတိုင်းလိုက်နာရန်အတွက် ဥပဒေရေးဆွဲခွင့်ရှိခြင်း၊ ၎င်းဥပဒေများနှင့် လျှော်ညီစွာ နိုင်ငံသားတို့အား အုပ်ချုပ်နိုင်ခွင့်ရှိခြင်း၊ ဥပဒေချိုးဖေါက်သောသူများအား အပြစ်ပေး ဒဏ်ခက်ပိုင်ခွင့် ရှိခြင်းတို့ပင်ဖြစ်ပါ၏။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites